သတင်း

မြစ်ကြီးနားခရိုင်တွင် PDF အမည်ခံကာ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသူများကို အရေးယူရန် KIO ပြင်ဆင်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် နမ္မတီးမြို့တွင် PDF အမည်ခံကာ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသောကိစ္စနှင့် ပတ်သက်ပြီး အရေးယူနိုင်ရန် ပြင်ဆင်နေသည်ဟု KIO ဘက်မှ သိရသည်။

ယခုလဆန်းပိုင်းကစတင်ပြီး MIS ဟုနာမည်ပေးထားသော လူတစ်စုသည် ၎င်းတို့ကိုယ်တိုင် PDF ဟုဆိုကာ စီးပွားရေးလုပ်ငန်းရှင်များထံ ငွေကြေးခြိမ်းခြာက် ကောက်ခံမှုရှိနေပြီး ၎င်းကိစ္စသည် PDF နှင့်မသက်ဆိုင်သောကြောင့် KIO မှ အရေးယူရန် စုံစမ်းရှာဖွေနေကြောင်း KIO မြစ်ကြီးနားခရိုင် တာဝန်ရှိသူတစ်ဦးမှ KNG ကို ယခုလို ပြောဆိုခဲ့သည်။

“အခုလို လုပ်နေတဲ့သူတွေက ကျနော်တို့လက်အောက်က KPDF လည်းမဟုတ်ဘူး။ NUG လက်အောက်က PDF လည်း မဟုတ်ဘူး။ ဒါကြောင့် ဘယ်ကနေလဲဆိုတာ ကျနော်တို့လည်း စုံစမ်းနေတယ်။ ဘယ်အဖွဲ့မှလည်း မဟုတ်တာကြောင့် အခုကျနော်တို့က အဲ့ဒီလူတွေကို ဖမ်းပြီး အရေးယူဖို့ စုံစမ်းနေတာဟုတ်တယ်။” ဟု မြစ်ကြီးနားခရိုင် KIO တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

KIA တပ်ရင်း ၁၁ ဒေသဖြစ်သော နမ္မတီးမြို့တွင်လည်း မြစ်ကြီးနားကဲ့သို့ ငွေကြေး ခြိမ်းခြောက်ကောက်ခံနေသည်ကို ကြားသိရကြောင်း သူက ဆက်ပြောသည်။

ကချင်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည် ကချင်လွတ်လပ်ရေးတပ်မတော်KIA နှင့် အတူ လက်တွေ့ လုပ်ငန်း လုပ်ဆောင်နေသူများဖြစ်ပြီး မြို့တွင်းရှိနေသူတစ်ချို့ကိုလည်း KIO မှ ထိုသို့ငွေကြေးကောက်ခံခြင်းလုပ်ရပ်များလုပ်ဆောင်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သော ၆ ရက်ခန့်က M.IS အဖွဲ့ဟုဆိုသောအဖွဲ့သည် စျေးဆိုင်မှ ဆိုင်းဘုတ်များရှိ ဖုန်းနံပါတ်များဖြင့် ဖုန်းဆက်ခေါ်ပြီး အခွန်မဆောင်ပါက ဆိုင်ကို မိုင်းခွဲမည်ဟု ခြိမ်းခြောက်ကာ ငွေကြေး တောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။

“လူတော့မတွေ့ရဘူး။ ဖုန်းဆက်ပြီးတော့ ကျနော်တို့ကို ခြိမ်းခြောက်တာ ဟုတ်တယ်။ MIS အဖွဲ့က ဟုတ်တယ်တဲ့ ကျနော်တို့ ကြားလည်းမကြားဖူးဘူး။ အခွန်ဆောင်ရမယ် မဆောင်ရင် ဆိုင် မိုင်းလာခွဲမယ် ပိုက်ဆံ ဘယ်လောက် ဘယ်လောက် ဆောင်ရမယ်ဆိုပြီး ပြောတယ်။ ပြန်မေးတော့ PDF ကဟုတ်တယ်တဲ့ ဆိုတော့ PDF တံဆိပ်လည်း ပြန်မဟုတ် ကျနော်တို့က မယုံဘူးလေ။” ဟု ခြိမ်းခြောက်ခံရသူ မြစ်ကြီးနားမြို့မှ ဆိုင်ပိုင်ရှင်တစ်ဦး ပြောသည်။

အဆိုပါ ငွေကြေး ခြိမ်းခြောက်တောင်းခံသူများသည် Mytel ဖုန်းနံပါတ် ၀၉၆၇၆၁၇၄၆၀၀ နှင့် ၀၉၆၇၃၈၂၈၂၆၆ စသည့်ဖုန်းနံပါတ်များဖြင့် ဖုန်းဆက်ခေါ်ကာ Viber နှင့် Aong Su San Ko ဆိုသည့် အကောင့်အမည် မှတစ်ဆင့် ခြိမ်းခြောက်မှုပြုလုပ်ကြောင်း သိရသည်။

လက်ရှိ အခြေအနေအရ ထိုသို့ ခြိမ်းခြောက်တောင်းခံရသောကြောင့် ဆိုင်ရှင်အချို့မှာ စိုးရိမ်မှုဖြင့် ငွေကြေး သိန်းချီပေးလိုက်ရကြောင်း သိရသည်။

ငွေကြေးခြိမ်းခြောက်ခံရသော ဆိုင်များမှာ ဆိုင်ကယ်ပြင်ဆိုင်မှစတင်ကာ စားသောက်ဆိုင် ရွှေဆိုင်အထိ ဖြစ်ပြီး ငွေလွဲမည်ဆိုပါက ၎င်းတို့ပေးလာသော ‘Nang Hti’ နာမည်ဖြင့် Kpay မှ ငွေလွဲစေသည်ဟု သိရသည်။

“သူတို့က တကယ်လို့ လာမိုင်းခွဲရင် ကျနော်တို့က ပေးလိုက်ရမလို ပုံစံမျိုးဖြစ်နေတာ။ အခုက ဘယ်သူကိုသွားတိုင် ရမှန်းမသိဘူး။ သူတို့က တိုးတိုးတိတ်တိတ် ကြောက်စိတ်နဲ့ ပေးလိုက်တဲ့ သူတွေရှိလို့ ဒီကောင်တွေက ဒီလို လိုက်တောင်းနေတာဟုတ်တယ်။ ကြောက်တဲ့သူတွေကတော့ ပေးလိုက်တာပေါ့။” ဟု ၎င်းဆိုင်ပိုင်က ဆက်ပြောသည်။

၎င်းကိစ္စရပ်နဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင် ရှိနေသော PDF တချို့ကို မေးမြန်းရာ “ဖြစ်နိုင်ချေတော့ ၂ ခုရှိတယ်။ တစ်ခုက ကြားကနေ လုပ်စားနေတဲ့ အဖွဲ့ဖြစ်နိုင်သလို နောက်တစ်ခုက စကစဖက်က တော်လှန်ရေးတပ်ဖွဲ့တွေကို နာမည်ဖျက်ချင်လို့ လုပ်တဲ့အဖွဲ့” ဟုဆိုသည်။

ပြည်သူများအနေဖြင့်လည်း ထိုသို့ ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံသောသူများကို ဆောင်ခြင်းမပြုရန် KIO တာဝန်ရှိသူက သတိပေးထားပါသည်။

Show More

Related Articles

Back to top button