သတင်း

ကသာမြို့ ဗိုလ်ချုပ်ရုပ်တုအနီးဗုံးကွဲ လူငယ်တစ်ဦးဗုံးကျည်ထိမှန်သေဆုံး

စစ်ကိုင်း ကသာမြို့ ရပ်ကွက် ၄ လမ်းမတော်လမ်းရှိ ဗိုလ်ချုပ်ရုပ်ထုအနီး ဖေဖော်ဝါရီလ ၂၁ ရက် ည ၇နာရီဝန်းကျင် ဗုံးတစ်လုံးပေါက်ကွဲသည့်အတွက် အနားမှဖြတ်သွားသည့် လူငယ်တစ်ဦး ဗုံးကျည်စထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

” ရေသန့်ပို့တဲ့ကလေးလို့။ သိရတယ် မနေ့ည အိမ်ပြန်တဲ့ချိန် အဲဘက်လမ်းဘက်က ဖြတ်သန်းသွားတာ သူဖြတ်တဲ့ချိန်နဲ့ဗုံးကွဲတာ ကွက်တိဖြစ်သွားတော့ ဗုံးစမှန်သွားတာတဲ့ ဖြစ်ဖြစ်ချင်းတော့ဆေးရုံပို့‌ပေမယ့် မမီတော့ဘူး ဒီမနက်ဆုံးသွားပြီတဲ့” ဟု ဒေသခံတစ်ဦးကပြောသည်။

ဗုံးကျည်ထိမှန်သေဆုံးသွားသူသည် ကသာမြို့၊ ရပ်ကွက် ၆ တွင် နေထိုင်သည့် အသက် ၂၂နှစ်အရွယ် မောင်လင်းထက်အောင်ဆိုသူဖြစ်ကာ ရေသန့်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်ဗုံးကျည်ထိမှန်ချိန်တွင် ည ၇ဝန်းကျင်ရှိနေပြီဖြစ်သည့်အပြင် ကသာမြို့တွင်မာရှယ်လော ထုတ်ထားသည့်အတွက် ဒေသခံများသွားရောက်ကြည့်ရူရန် ခက်ခဲသည့်အခြေနေဖြစ်သည့်အတွက် ဖြစ်စဉ်အသေးစိတ် တိတိကျကျ သိရှိရန် ခက်နေဆဲဖြစ်သည်။

“ထိတာတော့ ပေါင်မှာထိတာလို့ သိရတယ် သွေးထွက်လွန်ပြီး ဆုံးသွားတာ ကသာမှာက မာရှယ်လောထွက်ထားတော့ ညမိုးချုပ်ရင် အသွားအလာအရမ်းနည်းသွားပြီ အဲတော့ ဘယ်သူမှလည်းသွားမကြည့်ရဲတော့ ဆေးရုံရောက်တာနောက်ကျသွားတဲ့သဘောရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့တွင် ဖေဖော်ဝါရီလအတွင်း ပေါက်ကွဲမူ၄ကြိမ်ထက်မနည်းရှိလာပြီး မြို့တွင်းလမ်းဆုံလမ်းကြား CCTV များတပ်ဆင်ကာ လုံခြုံရေးပိုတင်းကြပ်လာကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကသာနယ်အတွင်း ဆက်သွယ်ရေးလမ်းကြောများထိန်းချုပ်ရန် မြေအောက်လိုင်းကြိုးများ မြုပ်နှံရန်ပြင်ဆင်နေပြီး ယင်းလိုင်းကြိုးမြုပ်နှံနိုင်ဖို့ရန် လူထုအား ထိန်းချုပ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု ၊လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှု ပိုမိုဖြစ်ပွား‌နေသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်သည်။

Show More

Related Articles

Back to top button