သတင်း

နေရပ်ပြန် ဒဘတ်စစ်ရှောင်များ ကျေးရွာထူထောင်ခြင်း ၇၅ နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာ နေရပ်ပြန်စစ်ရှောင်ပြည်သူများမှ ကျေးရွာထူထောင်ခြင်း ၇၅ နှစ်ပြည့်ဆုတောင်းပွဲကို ဒဘတ် ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဒဘတ် စစ်ရှောင်ပြည်သူများသည် နှစ်ရှည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ယခုလ ဧပြီလ ၆ ရက်မှ ၇ ရက်အထိ ပွဲတော်ကျင်းပခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ရှိသော ဆရာလရှီးဆွတ်အောင်က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခုဆို ကျနော်တို့ ရွာထူထောင်လာတာ ၇၅နှစ်ပြည့်သွားပြီး။ တစ်ရွာလုံးက စစ်ရှောင်အဖြစ် အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ကြတယ်။ ကပ်ရောဂါတွေလည်း ကြုံတွေ့ခဲ့ရတယ်။ ဒီကနေ့ နေရပ်ပြန်တဲ့အခါ ဂျူပလီပွဲပြန်လုပ်ဖို့လည်း အရမ်းခက်ခဲတယ်။ ဒါပေမယ့် ကျေးဇူးတော် ချီးမွမ်းချင်တဲ့အတွက် အတတ်နိုင်ဆုံး ကော်မတီတွေဖွဲ့ပြီး ဂျူပလီပွဲကိုရအောင် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်” ဟု ပြောဆိုသည်။

ဒဘတ်ကျေးရွာ ထူထောင်သည့် ၇၅နှစ် ပြည့် ပွဲတော်ပြုလုပ်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီ ၂ဖက်ကို ခွင့်ပြုချက်များ တောင်းခံကာ ပြုလုပ်ခဲ့ရကြောင်းလည်း သူကဆက်ဆိုသည်။

“ဒီပွဲဖြစ်မြောက်ဖို့အတွက်လည်း တော်တော်ကြိုးစားခဲ့ကြရတယ်။ မြစ်ကြီးနာ၊ ဝိုင်းမော် ဘက်က သူတွေကို ပွဲမှာပါဝင်နိုင်ဖို့ရန် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိရလေအောင် အနီးတဝိုက်မှာရှိကြတဲ့ စစ်တပ်ဘက်အားလုံးကို အကူအညီတောင်းဆိုထားတယ်။ ပြီရင် KIA ဘက်ကိုလည်း အကြောင်းကြားထားတယ်။ နောက်ပွဲလာမယ့် သူတွေကိုလည်း ဖိတ်စာတွေမှာ စီးလာမယ့် ကား ဆိုင်ကယ်တွေမှာ အမှတ်အသား တံဆိပ်တွေ ထည့်ပေးလိုက်တယ်။ ဒါမှသာ ပွဲလာရောက်ပါဝင်တဲ့သူတွေအတွက်လည်း လုံခြုံမှုရှိမယ်” ဟု ပြောဆိုသည်။

ဒဘတ်ကျေးရွာကို ၁၉၄၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော ကျေးရွာဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် မြစ်ကြီးနားမြို့ပေါ်သို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စစ်ရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် ကချင်လူသားချင်းစာနာထောက်ထားမှုကော်မတီ KHCC ၏ အကူအညီဖြင့် ၂၀၂၀ခုနှစ်တွင် နေရပ်ပြန်ရန် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း အိမ်ထောင်စု ၂၀၀ ခန့်အတွက် နေအိမ်အဆောင်အဦးများ ဆောက်လုပ် ပြီးစီး ပြီဟု သိရသည်။

Show More

Related Articles

Back to top button