သတင်း

KIO ပညာရေး တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကြီး ယခုအပတ် စတင်တော့မည်

ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ဒီတပါတ်ထဲမှာ စတင်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ အခုလို တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အခုထိ ၄ လခန့် ဆယ်တန်းကျောင်းသားသူ၊ သားတွေကို တစ်နေရာထဲမှာ ထားပြီး နေ့မပြတ်သင်ကြားပြီးတဲ့နောက် စာမေးပွဲကြီး မေးမြန်းတော့မှာဖြစ်ပါတယ်။

စာမေးပွဲကြီးကို အခုအပတ် ဧပြီလ ၂၁ ရက်ကနေ ၂၈ ရက်အထိ KIO နယ်မြေက ပညာရေးကျောင်းအားလုံးမှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ KIO ဗဟိုပညာရေးဌာန တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“Covid-19 ဖြစ်ပေမယ့် ကျောင်းဆက်ဖွင့်ပြီး သင်ကြားနိုင်ဖို့ ဒီဘက် ၃ လကျော်လောက် ကောင်းကောင်း စာသင် ပေးတယ်။ ဇန်နဝါရီလဆန်းပိုင်းကတည်းက အခုထိ စာကောင်းကောင်းသင်နိုင်ခဲ့တယ်။ ဟိုအဲဒီရှေ့လတွေမှာတော့ ခဏခဏ ကျောင်းပိတ်ရတယ်။ ဇွန်ကနေ ကျောင်းဖွင့်ခဲ့ပေမယ့် ဇူလိုင်ကနေ ကျောင်းပိတ်လိုက်ရတယ်လေ။ ဒါကြောင့်အခုနှစ် စာသင်သက်တမ်းက ၄ လ လောက်ပဲ ရပါတယ်။ အဲလောက်သာဖြစ်ပေမယ့် ကလေးတွေ မနစ်နာစေဖို့ ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

အခုနှစ် စာမေးပွဲလုပ်မယ့် နေရာတွေကတော့ အလင့်ဘွမ်အထက်တန်းကျောင်း၊။ လိုင်ဇာမြို့ ကျောင်း၊ မိုင်ဂျာယန်အထက်တန်းကျောင်း၊ အင်ဘာပါ ကျောင်း၊ မုန်မစ်ဆင်လီကျောင်း၊ အင်ဂွမ်းလကျောင်း၊ ကျိန်ထောင်ပါကျောင်း၊ မုန်ဘော်ကျောင်းနဲ့ လော့ဒ်အောင်ကျောင်းတို့ဖြစ်ပါတယ်။

ကျောင်းဖွင့်တဲ့ ကာလ ၄ လသာရှိပေမယ့် သင်ကြားရမယ့် သင်ရိုးတွေကို သင်ကြားပြီးစီး ပြီဖြစ်တာကြောင့် ကျောင်းသား ၂ ထောင်ကျော် စာမေးပွဲ ဖြေဆိုတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အောင်မြင်လာတဲ့သူတွေဟာ KIO အစိုးရရဲ့ တက္ကသိုလ်ပညာရေးကျောင်းအသီးသီးမှာ ဝင်ရောက် သင်ကြားခွင့်ရမှာ ဖြစ်တဲ့အကြောင်း KIO ပညာရေးဌာန တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ဒီနှစ်က ကျောင်းသားတွေလို ပိုများလာတယ်။ စာမေးပွဲဖြေဆိုသူဦးရေ ပိုတိုးလာတယ်။ ကျနော်တို့အတွက် ဆယ်တန်းပြီးရင် တက်ဖို့ ကျောင်းတွေလည်း ပြင်ဆင်ထားပါတယ်။ KIO ကဖွင့်ထားတဲ့ ကျောင်းတွေ အချိန်နှင့်တပြေးညီ နောက်မကျအောင် ကျောင်းသားတွေကို လက်ခံနိုင်အောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်။ တစ်နှစ်မှ မနစ်နာအောင်ပေါ့။”

နောက်ထပ် အထက်တန်းကျောင်းသားအသစ်တွေကိုလည်း လာမယ့် မေလမှာ ပြန်လည်လက်ခံမှာဖြစ်ပြီး ဇွန်လမှာ ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်တော့မယ်လို့ သိရပါတယ်။

မြန်မာအစိုးရရဲ့ကျောင်းမှာ ၆ ဘာသာသင်ကြားဖြေဆိုရတာဖြစ်ပေမယ့် KIO ကျောင်းမှာတော့ ကချင်ဘာသာရပ်တစ်ခု ထပ်တိုးသင်ကြားရတာကြောင့် ၇ ဘာသာရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အရင်က မြန်မာကျောင်းမှာ စာသင်ခဲ့တဲ့ ကျောင်းသားတွေဟာ ၂၀၂၁ ခုနှစ်ကစတင်ပြီး KIO နယ်မြေ စာသင်ကျောင်းတွေမှာ ပြန်လည်သင်ကြား ခံယူနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button