သတင်း

ရှဒေါင် မိဘမဲ့ဂေဟာတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေ

မြစ်ကြီးနားမြို့ပြင် ရှဒေါင်ကျေးရွာတွင် ဖွင့်လှစ်ထားသော မေတ္တာပျိုးခင်း (Tsaw Myit Sha-It ) မိဘမဲ့ဂေဟာတွင် အစားအသောက်နှင့်အတူ အခြားကူညီထောက်ပံ့မှု အများအပြားလိုအပ်နေသည်ဟု သိရသည်။

အဆိုပါ မိဘမဲ့ ဂေဟာကျောင်းတွင် ပြည်နယ်အတွင်း မြို့နှင့်ဝေးလံသောကျေးလက်ဒေသမှ ပညာသင်ကြားရန် လာရောက်နေထိုင်သော မိဘမဲ့ကလေးများအတွက် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ခရစ်ယာန်ဘာသာရေးဆရာ မိသားစုက ပြုစုနေခြင်း ဖြစ်သည်။

လက်ရှိ ထိုဂေဟာကျောင်းတွင် ကလေးငယ်များနေထိုင်သည့် အဆောက်အဦးမှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသည့်အတွက် ကလေးငယ်များ လုံခြုံစွာနေထိုင်ရန် အဆောက်အဦးနှင့် ဂေဟာအတွင်း အခြားအကူအညီများ လိုအပ်နေကြောင်း မိဘမဲ့ ဂေဟာတာဝန်ခံ ဆရာ Galang Dau Dai က KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“ဒီဂေဟာမှာ ရောက်လာတဲ့ ကလေးတွေအားလုံးက အရမ်းခက်ခဲတဲ့နေရာက နေရောက်လာကြတဲ့သူတွေဆိုတော့ သူတို့အတွက် လုံခြုံစေတဲ့ အဆောက်အဦးမျိုးပေါ့။ နောက်ပညာရေးအတွက်လည်း ကူညီစေချင်တယ်။ ပညာဒါန ပါဝင်ချင်တဲ့ သူတွေရှိရင်ပေါ့။ ဒီမှာက ၁၀တန်း ကျောင်းသားတွေလည်းပါတယ်။ နောက်တစ်ခုက နိုင်ငံရေးက မငြိမ်တဲ့အတွက် နောက်ဆိုရင် ဘယ်လိုဖြစ်လာမယ်ဆိုတာကို ကြိုမသိနိုင်ဘူး။ အဲ့ကြောင့် ကလေးတွေအတွက် အစားသောက်လည်း ဖြစ်နိုင်ရင် ကူညီချင်တဲ့ သူတွေ ကူညီပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။

မေတ္တာပျိုးခင်း (Tsaw Myit Sha-It )မိဘမဲ့ ဂေဟာကျောင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊ ဂွေထု၊ ဂန်ဒေါင်၊ ဆမား၊ နမ္မတီး၊ ဟူးကပ်၊ သာပဒေါင်း၊ မြစ်ကြီးနားနှင့်ဝိုင်းမော် နေရာဒေသမှ လူမျိုးဘာသာပေါင်းစုံ ကလေးများပါဝင်ပြီး လက်ရှိ မိဘမဲ့ကလေးငယ်များ ၃၀ ဝန်းကျင်ခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။

အဆိုပါ မိဘမဲ့ဂေဟာကျောင်းသည် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ မိဘမဲ့များ ဦးဆောင်ပြီး ခက်ခဲသော ကလေးများကို ပညာသင်ကြားပျိုးထောင်ပေးခြင်းသာဖြစ်ကြောင်း ဆက်သိရသည်။

“ဒီဂေဟာက ကျနော်တို့ကိုယ်တိုင် ငယ်ငယ်လေးထဲကနေ မိဘမဲ့ဖြစ်တဲ့အတွက် သနားစာနာထောက်ထားတဲ့အနေနဲ့ နောက်ပြီး ကိုယ်တိုင်လည်း ဆက်ကပ်ပေးချင်တဲ့ စိတ်နဲ့ထူထောင်ထားတာပါ။ ကျနော်တို့ကိုယ် မိဘမဲ့ဖြစ်ခဲ့ရတဲ့ ဘဝကို နားလည်တဲ့အတွက် မိဘမဲ့ကလေးတွေကို ပြန်ပြုစုပျိုးထောင်ချင်တဲ့စိတ်နဲ့ ဘယ်လောက်ဘဲခက်ခဲခက်ခဲ ရအောင် ထူထောင်ထားတာပါ” ဟု မိဘမဲ့ဂေဟာ တာဝန်ခံဆရာက ၎င်းတို့၏ ရည်ရွယ်ချက်ကို ထပ်မံ ပြောဆိုထားသည်။

မိဘမဲ့ဂေဟာကျောင်းကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထပ်တွင် လူမှုကူညီရေး အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ အနည်းငယ်ရရှိခဲ့သည်ဖြစ်သော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် ကူညီထောက်ပံ့မှုများ ရပ်တန့်သွားသည့်အတွက်ကြောင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဆက်လက်သိရပါသည်။

Show More

Related Articles

Back to top button