လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ခင်ဦးနယ်တွင် နေအိမ် ၂၃ လုံးကို စစ်ကောင်စီ မီရှို့ခဲ့ပြီး အမျိုးသားနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း ဒေသကြီး ခင်းဦးမြို့နယ်ရှိ သိပ်တော်ကျေးရွာနှင့် အင်းပတ်ကျေးရွာမှ လူနေအိမ် ၂၃ လုံးကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့ ပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ခင်ဦး ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်သည် မေလ ၁၅ ရက်နေ့မှ စတင်ကာ ရေဦးဘက်မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး မေလ ၁၅ ရက်နေ့တွင် သိပ်တော် ကျေးရွာမှ လူနေအိမ် ၁၇ လုံး နှင့် ယမန်နေ့ မေလ ၁၆ ရက်နေ့တွင် အင်းပတ်ကျေးရွာမှ လူနေအိမ် ၆ လုံး စုစုပေါင်း လူနေအိမ် ၂၃လုံး အထိမီးတင်ရှို့ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ခင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အင်းပတ်ရွာမှာတော့ လူနေအိမ်ခြောက်လုံးမီးရှို့သွားတယ်။ လက်နက်ကြီးထိပြီးတော့ ပျက်စီးသွားတာက သုံးလုံးနောက်ပြီးတော့ သူတို့ဓားစာ ဖမ်းလာတဲ့ပြည်သူတစ်ယောက်ကို မျက်နှာဖုံးစွပ်ပြီး လက်နောက်ပြန်ကြိုးသုတ် ပစ်သတ်ပြီးတော့ မီးရှို့ထားတယ်။ သူတို့ပြန်ထွက်သွားတဲ့ချိန်ရွာထဲမှာ ပစ်သတ်ပြီးထားခဲ့တာ။ ပြီးတော့ သိပ်တော်ရွာဝင်တုန်းကလည်း ဓားစာခံတစ်ယောက်ကို အဲ့လိုပဲ ပစ်သတ်ထားခဲ့တယ်” ဟု ခင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသတ်ဖြတ်ခံရသည့် ဓားစာခံ နှစ်ဦးမှာ သိပ်တော်နှင့် အင်းပတ်ကျေးရွာ ဒေသခံ မဟုတ်ကြောင်း သိရပြီး မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အင်းပတ်ကျေးရွာနေ ပြည်သူများသည် စစ်ကြောင်း ထိုးဝင်ရောက်လာစဉ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် စစ်ကြောင်းပြန်ထွက်သွားသည့်အတွက် ပြည်သူများ ကျေးရွာကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျေးရွာနေပြည်သူများ နေအိမ် ပြန်မကပ်နိုင်သေးကြောင်း သိရသည်။

“လောလောဆယ် သိပ်တော်ကတော့ ပြန်၍ ဝင်ပါပြီ။ အင်းပတ်ကတော့ ပြန်မဝင်ရဲသေးဘူး။ သူတို့က ရေဦးနဲ့လည်း နီးတော့ ရေဦးနဲ့ သုံးမိုင်ပဲကွာတာ ရောက်ရောက်လာတာဆိုတော့ မဝင်ရဲကြသေးဘူး တချို့က တောထဲမှာ တချို့ကတော့ နီးစပ်ရာရွာတွေက အမျိုးတွေဆီမှာ တိမ်းရှောင်နေရတာပေါ့” ဟု ခင်ဦး ဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် အင်းပတ်ကျေးရွာမှ ပြည်သူ နှစ်ထောင်နီးပါးအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

အိမ်ခြေ ၅၀၀ ကျော်ရှိသည့် အင်းပတ်ကျေးရွာသည် နေအိမ်မီးရှို့ခံရသည်မှာ ယခု ဒုတိယအကြိမ်ရှိပြီ ဖြစ်ပြီး ပထမအကြိမ် မီးတင်ရှို့ရာတွင် နေအိမ်သုံးရာကျော်မီးရှို့ခဲ့ရာ စုစုပေါင်းနေအိမ် ၃၁၁ အိမ်အထိ မီးရှိ့ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကြောင်း သိရသည်။

ခင်ဦး တစ်မြို့နယ်လုံးတွင် စစ်တပ် အာဏာသိမ်းပြီးသည့်အချိန်မှ ယနေ့ထိ စစ်ကောင်စီသတ်ဖြတ်ခဲ့သည့် လူဦးရေ ၁၅၀ ကျော်အထိရှိပြီဖြစ်ပြီး ယင်းတွင် အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး ပါဝင်သည်။

Show More

Related Articles

Back to top button