သတင်းသတင်းဆောင်းပါး

ခိုးဆိုး လုယက်မှုများကို ဘယ်လို နှိမ်နှင်းနိုင်မလဲ

“သူခိုးက လူကိုပြန်ဟစ်” ဆိုတဲ့စကားပုံအတိုင်း အခုလို နိုင်ငံရေးအခြေအနေမှာ ပြည်သူတွေအနေနဲ့ ပစ္စည်းခိုးခံရမှာ စိုးရိမ်တဲ့အပြင် အသက်အန္တရယ် မထိခိုက်ဖို့အတွက် သူခိုးကို ပြန်ကြောက်နေရတာပါ။

“သက်ဆိုင်ရာကိုလည်း မတိုင်ပါဘူး ဘာလို့လည်းဆိုတော့ မြစ်ကြီးနားမြို့က ကျဥ်းကျဥ်းလေး ကိုယ့်ကို ရန်ငြိုးထားမှာ ကြောက်တယ်။ ပြီးတော့ ကိုယ်ကဒီမှာပဲတစ်သက်လုံးလုပ်စားနေရတာ၊ ဒါက ဘယ်ရပ်ကွက်ကဘယ်သူဆိုတာ ဒုစရိုက်သမားတွေက စုံစမ်းနေမှာပဲ” ဆိုသူကတော့ ဓားနဲ့ခုတ်ကာ ဆိုင်ကယ် လုယက်ခံရသူရဲ့ အမျိုးသမီးပါ။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ ဆွမ်ပရာဘွမ်လမ်း မှ ရာဒါကောင်းသုဿန်သို့ သွားရာလမ်းမှာ မေလ ၁၀ ရက်နေ့ မနက် ၅ နာရီအချိန်တွင် လူငယ်သုံးဦး က အမျိုးသားတစ်ဦးကို ဓါးနဲ့ခိုက်ခုတ်ပြီး ဆိုင်ကယ် လုယက် သွားပါတယ်။

“လူငယ်သုံးယောက်ပေါ့ ချိန်းကြိုး နဲ့ ကျွန်မယော်ကျားကို လှမ်းရိုက်တာ ကျွန်မယော်ကျားက အသက် ၅၂ နှစ်ရှိပြီ။ ဒါပေမဲ့သူက အလုပ်ကြမ်းသမားဆိုတော့ ဖျက်လတ်တယ် ဟိုခုန်ရှောင် ဒီခုန်ရှောင်ပေါ့ အဲ့အချိန်မှာ ကောင်လေးနှစ်ယောက်က ဓားရှည်နဲ့ဝင်ပိုင်းတာ ကျွန်မအမျိုးသားက ရှောင်တာပေါ့ ရှောင်ရင်းဆိုင်ကယ်နဲ့ ဝေးသွားတဲ့အချိန် ဓားသမားတစ်ယောက်က လှည့်ပြေးပြီး ဆိုင်ကယ်ကိုမောင်းပြီး ထွက်ပြေးသွားတယ်။ ပြီးတော့ ဆိုင်ကယ်ကိုအသင့် စက်နိူးထားတဲ့ကောင်လေးတစ်ယောက်က ဓားနဲ့ခုတ်နေတဲ့ကောင်လေးကို တင်ပြီးထွက်ပြေးသွားတယ်” လို့ ဆိုင်ကယ် လုယက်ခံရသူ၏အမျိုးသမီးက ဆိုပါတယ်။

အခုလို အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အခြေနေနဲ့ ကြုံခဲ့ရပေမဲ့ သူမ​အနေနဲ့ လူမူကွန်ယက်စာမျက်နှာမှာ တင်ရုံ က လွဲပြီး အခြားအားကိုစရာ နည်းလမ်း မတွေ့ခဲ့ပါဘူး။

“ဒီကာလကြီးက ဘယ်သူ့ကိုအားကိုးရမလဲ ဘုရားနဲ့ကိုယ့်ကိုယ်ကိုသာ အားကိုးရာပဲ ပြီးရင် ကျမတို့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ဆင်ခြင်နိုင်အောင် သတိထားလို့ရအောင် အင်တာနက်ပေါ်တင်လိုက်တယ်” လို့ အဆိုပါအမျိုးသမီးက ဆိုပါသည်။

မြစ်ကြီးနားမှာ ခိုးဆိုး လုယက်မူတွေဟာ အရင်က ဆိုရင် ညည့်နက်အချိန် လူတွေ အိပ်မောကြတဲ့အချိန်မှာသာ ဖြစ်လေ့ရှိပေမယ့် အခုချိန်မှာတော့ မနက်၊ နေ့လည်၊ ညနေ အချိန်မရွေး လုယက်မူတွေ ဖြစ်နေပါတယ်။

လူစည်ကားတဲ့ ကားလမ်းနဘေး စျေးဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ခိုးယူမှု၊ တနင်္ဂနွေနေ့ ခရစ်ယာန်ဘုရားဝတ်ပြုနေချိန် ရပ်ထားသည့်ဆိုင်ကယ်များကို ခိုးယူမှုတွေလည်း မကြာခနမဟုတ်ဘဲ ပုံမှန်ဆိုသလို ဖြစ်ပျက်နေတာပါ။

လူစည်ကားတဲ့နေရာမှာ ခိုးဆိုးလုယက်မှုကို ပြုလုပ်ကြပြီး လူသူကင်းမဲ့တဲ့နေရာ၊ အချိန်မှာတော့ အသက်အန္တရာယ် ခြိမ်းခြောက်မှုပြုတဲ့ ဓါးပြတိုက်မှုတွေ ဖြစ်ပျက်နေတာဖြစ်ပါတယ်။ လွန်ခဲ့သည့်လအနည်းငယ်ခန့်က လူငယ်စုံတွဲကို အုပ်စုဖွဲ့လုယက်ခဲ့တဲ့ အဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက အခုလို ပြောပြပါတယ်။

“လူခြောက်ယောက်လောက်ဟုတ်တယ် ကောင်လေးကို ထိုးကြိတ်ပြီး နှစ်ယောက်လုံးရဲ့ ဖုန်းရယ်ဆွဲကြိုးရယ် လုသွားတယ် သူတို့လှမ်းအော်တော့ ဟိုကောင်တွေက တော်တော်ဝေးဝေးရောက်နေပြီ” လို့ သူက ဆိုပါတယ်။

ဒီ ဖြစ်ရပ်မတိုင်မှီ မေလ ၃ ရက်နေ့နှင့် မေလ ၅ ရက်နေ့မှာလည်း မန်ခိန် ရပ်ကွက်နေအိမ်မှာရပ်ထားတဲ့ ဆိုင်ကယ်တစ်စီး နှင့် သုံးဘီးတစ်စီး အခိုးခံခဲ့ရပါတယ်။ မန်ခိန်ရပ်ကွက် ၅ မှာဆိုရင် ခိုးမှုတွေဟာ ရက်ပိုင်းခြား ပုံမှန်ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၇ နာရီခွဲခန့်ကလည်း လူငယ် ၃ ဦးက ရဲအယောင်ဆောင်ကာ သေနတ်ပြပြီး ကားဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဆိုပါဓားပြတိုက်မူသည် မြစ်ကြီးနားမြို့စီတာပူရပ်ကွက် နောင်ရာကွင်းအနီး ဇေယျာမင်းဆီဆိုင်အနီးတွင် ဖြစ်ပြီး လူသွားလူလာ များပြားသည့်နေရာလည်း ဖြစ်ပါတယ်။

အခုလို ခိုးဆိုးလုယက်မူတွေများပြားလာတာဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မတရားမူတွေ များလာတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan အဖွဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

“လောလောဆယ်က တိုင်းပြည်အခြေနေလည်းမကောင်း စီးပွားရေးက လည်းတော်တော်ခက်ခဲတဲ့အနေအထားရှိတယ် တစ်ဖက်မှာ အစိုးရကလည်း အရင်ကလို ဥပဒေနဲ့အညီ မရှိတော့ ဥပဒေစိုးမိုးရေးလည်း ပျက်ပြားနေတဲ့အချိန်ဆိုတော့ ဒီဟာတွေအားလုံး ဆုံမှတ်ဖြစ်လာတဲ့အချိန် မှာ ကျေးရွာတွေမှာရော မြို့ပေါ်တွေမှာရော လူတကာရှေ့မှာပါ လုယက်မူတွေ ဖြစ်လာတယ်လို့ မြင်တယ်” ဟု သူက ဆက်ပြောပါတယ်။

ယခင် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မူ ရှိပေမယ့်လည်း အုပ်ချုပ်ရေးအဖွဲ့ များ ရပ်မိရပ်ဖများ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာဆောင်ရွက်ကာ ဖြေရှင်းလို့ရကြောင်း တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနယ်မြေမှ ရပ်မိရပ်ဖ တစ်ဦးက ဆိုပါတယ်။

ယခုအခြေအနေမှာတော့ ရဲတပ်ဖွဲ့များသည် ခိုးဆိုးလုယက်မူများကို ဦးစားပေး မလုပ်ဆောင်နိုင်ပဲ စစ်ကောင်စီကို ဆန့်ကျင်သူများကိုသာ အာရုံစိုက်နေရတာကြောင့် ခိုးဆိုးလုယက်သူများဟာပိုပြီး အတင့်ရဲလာတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့ကို အားကိုးလို့မရတဲ့ အခုလိုကာလမှာ ပြည်သူတွေကိုယ်တိုင် ဦးဆောင်ပြီး လုယက်မူဖြစ်လေ့ရှိတဲ့ နေရာမှာ ကင်းပတ်သင့်ကြောင်း၊ မသင်္ကာဖွယ်လူတွေကကို စစ်ဆေးမှုတွေလုပ်သင့်ကြောင်း အခုလို ကာကွယ်မူများ လုပ်နိုင်ပါက ကောင်းကျိုးများစွာရှိနိုင်တယ်လို့ သူက အခုလိုဆက်ပြောပါတယ်။

“အခုလိုရပ်ရွာက လုပ်ရှားနေပြီဆိုရင် ပထမအချက်က လုမယ့်ခိုးမယ့်သူတွေကလည်း မလာရဲတော့ဘဲ နောက်တစ်ချက်အနေဖြင့် ဒီလိုလှုပ်ရှားလိုက်လို့ အကုန်လုံး နိုးနိုးကြားကြားဖြစ်သွားပြီး သွားလာတဲ့လူထုတွေလည်း စိတ်ချ လုံခြုံစွာသွားလာနိုင်မယ်” လို့ ဆိုပါတယ်။

သို့သော် တစ်ဖက်တွင် ညမထွက်ရအမိန့်လည်း ရှိနေတာကြောင့် အခက်အခဲများလည်း ရှိနိုင်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးပိုင်းတွင် အတွေ့အကြုံရှိဖူးသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကလည်း လုယက်မူတွေများလာတဲ့အပေါ် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကိုအခုလိုပဲ ပြောပြပါသေးတယ်။

“ရပ်ရွာအနေနဲ့ လုံခြုံရေးအတွက် အများကြီးလုပ်လို့ရတယ်၊ အခုချိန်မှာ ရဲတွေက တာဝန်မယူပေးနိုင်ဘူးဆိုတော့ ပြည်သူတွေပူးပေါင်းပြီး လုပ်မှရမယ် ဒါကအရေးကြီးတယ်။ ပြည်သူထဲမှာမှ လူငယ်တွေရှိတယ်။ အားကောင်း မောင်းသန်တွေ သူတို့ကို စည်းရုံးပြီးအဖွဲ့တွေဖွဲ့ ကင်းတွေလှည့် ညဆိုလည်းအချိန်တစ်ခုသတ်မှတ်ပြီးပေါ့။ တွေ့ရင်စစ်ဆေး ဒါက အရမ်းထိရောက်တယ်။ ဒါမဲ့ အစိုးရရဲ့ခွင့်ပြုချက်တော့လိုတာပေါ့။ သူတို့ မလုပ်နိုင်ဘူး ဆိုရင်တောင် အားပေးရမှာ အခွင့်ပေးရမှာ သူတို့သာခွင့်ပြုရင် အများကြီးလုပ်လို့ရတယ်” လို့ ဆိုပါတယ်။

ဒေသခံများကြားတွင်လည်း လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အမြန်ဆုံးပြုလုပ်သင့်ကြောင်း တောင်းဆိုတာမျိုးတွေရှိနေပါတယ်။ ဒါမှမဟုတ်ရင် လုယက်မူတွေ ပိုများလာနိုင်သလို အရင်လိုမူးယစ်ဆေးဝါး ဖြန့်ဖြူးမူတွေလည်း များလာနိုင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အခုလို မူးယစ်ဆေးဝါးသုံးစွဲမူနှင့် ရောင်း၀ယ်မူများ၊ ခိုးဆိုးလုယက်မူများ ပပျောက်ရန် ပြည်သူလူထုအပါအ၀င် အဖွဲ့အစည်းအားလုံး ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းနေကြပါတယ်။

ခိုးဆိုးလုယက်သူတွေဟာ ခိုးရာပါ ပစ္စည်းတွေကို တရားမဝင်အပေါင်ဆိုင်များနှင့် second အရောင်းဆိုင်လို့ လူသိများသည့် တစ်ပတ်ရစ်ဆိုင်တွေမှာ အဓိကရောင်းချကြပြီး ဝယ်ယူသူများအနေဖြင့်လည်း ပစ္စည်းတန်းဖို့ရဲ့ တစ်ဝက်စျေးပေးကာ ဝယ်ယူနေကြသည်ဟု ဒေသခံတွေက ဆိုကြပါတယ်။

Show More

Related Articles

Back to top button