တိုက်ပွဲသတင်း

ကသာနယ် အထက်ပိုင်းသို့ စစ်ကောင်စီတပ်မှ စစ်အင်အား ပိုမို တိုးမြင့်လာ

ကသာ အထက်ပိုင်း ကချင်ပြည်နယ်ဘက်သို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်ဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလာနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ မှ သိရသည်။

“အရင်ကဆို သင်္ဘောပုံမှန် ၂စီးလောက်ဘဲ တက်လာတာ အင်အားကလည်း သိပ်မများဘူး။ ဒီတစ်ခေါက်တော့အင်အားက သင်္ဘောတစ်စီးမှာဆို အင်အားက ၁၀၀ လောက်ရှိမယ် တော်တော်များတယ်” ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။

အဆိုပါ စစ်ကောင်တပ်၏ သင်္ဘော ၃ စီးသည် မေလ ၁၈ ရက်ည ကသာနယ်သို့ ရောက်လာခဲ့ပြီး ကသာ အင်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားသည့်အပြင် လက်ရှိချိန်ထိ ကသာမြို့နယ်တွင် ရှိနေသည်ဟု သိရသည်။

ထို့ကြောင့် ကသာ အနီးပတ်ဝန်းကျင်၊ မြစ်ကြောင်းတစ်လျှေက်ကျေးရွာများမှ ပြည်သူများ သတိပြုနေထိုင်သင့်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောတက်လာမည့် ရေလမ်းကြောင်းတစ်လျှောက်တွင်လည်း လုံခြုံရေးယူထားသည့် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ‌ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သင်္ကြန်ကာလနောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်ဘက်သို့ စစ်ရေးပြင်ဆင်မှု ပိုလုပ်ဆောင်လာနေသည့်အတွက် ရှေ့ဆက်တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ပကဖ တပ်ဖွဲ့များက သုံးသပ်‌ ပြောဆိုသည်။

“သင်္ကြန် နောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်ကိုပိုဖိမယ်လို့‌ သူတို့ ပြောထားပြီးသား ဟုတ်တယ်။ အဲတော့ ခုအခြေနေကိုကြည့်မယ်ဆိုလည်း ဒီတစ်ခေါက်က စစ်အင်အားတော်တော်များများ တိုးချဲ့လာတာတွေ့ရတယ် အဲတော့ရှေ့ဆက်က တိုက်ပွဲတွေလည်း ပြင်းထန်လာနိုင်ပါတယ်” ဟု ကသာနယ် မှ ပကဖ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကြောင်းကိုအသုံးပြုကာ စစ်‌အင်အားတိုးချဲ့ခြင်း၊ ရိက္ခာစုစောင်းခြင်းများ ပုံမှန်ပြုလုပ်လျက်ရှိနေသည့်အတွက် ကသာမြို့နယ်အတွင်း အခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၀ ဝန်းကျင်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button