သတင်း

အရာတော်မြို့နယ်တွင် ၅ရက်အတွင်း အိမ်ခြေတစ်ရာကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ဒီနေ့ မေလ ၃၀ ရက် ၅ရက်အတွင်းမှာ အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်စီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးထံ မှ သိရသည်။

“မေလ ၂၀ ရက်နေ့မှာ ထန်းတောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ စပြီးစစ်ကြောင်းထိုးတာက ၂၅ရက်နေ့ကစဝင်တယ်။ ၂၆ မှာ ရွှေတွင်းကုန်းကို မီးဝင်ရှို့တယ် အရှို့ခံရတဲ့အိမ်ခြေက တစ်ရာကျော်လောက်ရှိပြီ တစ်ချို့ရွာတွေကို ၆အိမ်၇အိမ်ပဲရှို့တာ တော်လှန်ရေးလုပ်တဲ့အိမ်တွေပေါ့ ဆိုကြပါစို့ ပြည်သူတွေကမပြေးနိုင် အဲ့ပြည်သူတွေကို မေးတာပေါ့။ ဘယ်အိမ်ကခေါင်းဆောင် ဘယ်အိမ်ကထုတ်လုပ်ရေးလုပ်တာတုန်း အဲ့လိုအိမ်တွေပဲရွေးရှို့သွားတာလို့” ဟု မီးရှို့ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အဆိုပါ ဒေသခံက ဆိုသည်။

မီးရှို့ဖျက်စီးခံခဲ့ရသည့် အိမ်ခြေတစ်ရာကျော်မှာ လိန်လှ၊ သစ်ချို၊ အုပ်ရှစ်ကြီး၊ အုပ်ရှင်းကြီး၊ ဖုတ်ကုံး၊ ဟင်္သာ၊ ရွှေတွင်းကုန်း စသည့်ရွာများကဖြစ်ပြီး လက်ရှိမှာ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သူက ဆက်ပြောသည်။

အဆိုပါ မီးရှို့ခံရသည့် ရွာအားလုံးသည် ရွာချင်းဆက်ပြီး ရွာများဖြစ်ကာ တစ်ရွာနှင့်တစ်ရွာကြား ၂ မိုင် ၃မိုင် ခန့်သာ‌ဝေးသည့်အပြင် အရာတော်မြို့နယ်၏ မြောက်ဘက်အထွက်တွင် တည်ရှိကြောင်း သိရသည်။

လက်ရှိ အရာတော်မြို့နယ်ဘက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှာ တပ်မ ၇၇ ဖြစ်ပြီး အင်အား ၁၅၀ခန့် ရှိကာ ဒီပဲယင်းမြို့နယ်ဘက်က ဝင်လာခြင်းဖြစ်ကာ ယခုလက်ရှိအချိန်တွင်လည်း အရာတော်မြို့နယ်မြောက်ဘက်က ကိုင်းရွာကို ဝင်ရောက်နေကြောင်း အထက်ပါဒေသခံက ဆိုသည်။

ယခုလို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာရခြင်းမှာ မေလ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် အရာတော်၊ ဝက်လက်၊ ဒီပဲယင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ ၁၀ ယောက်ကျော် ကျဆုံးကာအထိနာခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပကဖ တပ်ဖွဲ့ဝင်များကပြောသည်။

စစ်ကိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစတင်ကာ ယခုနှစ်ဧပြီလ အထိတစ်နှစ်အတွင်းမှာ စစ်ကောင်မီးရှို့ခဲ့သည့် လူနေအိမ်အရေအတွက်မှာ ၇ ထောင်ငါးရာကျော်ရှိကြောင်း Data For Myanmar စာရင်းများကဖော်ပြထားသည်။

Show More

Related Articles

Back to top button