သတင်း

မိုးရာသီ ရေမသန့်ရှင်းမှုကြောင့် စစ်ရှောင်တချို့ ဝမ်းရောဂါ ခံစားနေရ

လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြကြောင်း သိရသည်။

မိုးတွင်းကာလ မိုးရေကြီးချိန်များတွင် စစ်ရှောင်စခန်းများအတွင်း မသန့်ရှင်းသည့် ရေများကို သောက်သုံးနေရသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေသည်ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ ဆရာမ ကိုင်ထန်က ပြောသည်။

“မိုးအရမ်းကြီးရင် သောက်ရေရော သုံးရေရော မသန့်ဘူး။ သောက်ရေကို အဆင့်ဆင့် ရေစစ်ကန်တွေနဲ့တော့ လုပ်ပေးထားပါတယ်။ တာပေမယ့် မိုးရေအရမ်းကြီးပြီဆို ရေက ကော်ဖီရောင်ထွက်တာကို ကျမတို့က ပြန်စစ်ပြီးမှာ ပြန်သောက် ပြန်သုံးလုပ်နေကြတယ်။ ကျမတို့သုံးနေတဲ့ရေကန်တွေက ဘယ်လောက်ဆေးဆေး အနယ်တွေနဲ့ ရေတွေပဲ ပြန်ဖြစ်တယ်။” ဟု KNG ကို ပြောသည်။

လက်ရှိ ဖွန်လွမ်ယန် စစ်ရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောကြောင့် ဖျားနာသူ စုစုပေါင်း ၂၇ ဦး ထိရှိပြီး သက်ကြီးရွယ်အိုများ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် အသက် ၅ နှစ်အောက် ကလေးငယ် ၇ ဦးထိ ပါဝင်နေသည်။

“တစ်ခါတစ်လေ ရေအရမ်းကြီးရင်တော့ ရေတွေမလာတော့ဘူး ရေပိုက်ပိတ်ကုန်တယ်။ ကျမတို့နေတဲ့ အပိုင်းမှာက ရေတွင်း ၁ ခု ပဲရှိတယ်။ ဝေးလည်းဝေးတယ် ရေမရတဲ့ ချိန်မျိုးမှာဆို ရေတွင်းက ရေကို သွားခပ်ပြီး သုံးတယ်။ သောက်ရေရော သုံးရေရောပဲ။ ဝေးတော့ သိပ်အဆင်မပြေဘူး။” ဟု ဆရာမ ကိုင်ထန်က ဆက်ဆိုထားသည်။

၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲတွေကြောင့် နေရာအနှံ့အပြား မှ KIO ထိန်းချုပ်နယ်မြေရှိ ဖွမ်လွမ်ယန် စစ်ရှောင်စခန်းကို စစ်ရှောင်ခဲ့သည့် စစ်ရှောင် အိမ်ထောင်စု (၆၇၆)စု ၊ လူဦးရေ (၂၉၈၀)ဦး ရှိပါသည်။

Show More

Related Articles

Back to top button