သတင်း

တရုတ်ဘက် ဝိမ်တိန်တွင် သစ်သီးကားများ ဆေးစစ်မှု ဖြေလျှော့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျင်းစန်းကျော့ နယ်စပ်ဂိတ်နဲ့ ထိစပ်နေသော တရုတ်ဘက် ဝမ်တိန်တွင် ဇွန်လ ၁ ရက်နေ့မှစကာ သစ်သီးကားများ ဆေးစစ်မှု ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည်‌များထံမှ သိရသည်။

“အသီးကားတွေ ဆေးစစ်စရာမလိုတော့ဘူး။ ကားချိန်းပြီးတာနဲ့ မိမိသွားလိုတဲ့ မြို့ကို သွားလို့ရပါပြီ။ တိုက်ရိုက်” ဟု နယ်စပ် ကုန်သည် တစ်ဦးက ပြောသည်။

ယခင်က မြန်မာနိုင်ငံဘက်မှ တင်ပို့လာသော သစ်သီးများ တင်ဆောင်သည့် ကားများကိုပေကျင်း၊ ရှန်ဟိုင်းကဲ့သို့သော တခြားမြို့များသို့ သွားမည်ဆိုပါက ကိုဗစ်ရောဂါပိုး အကြိမ်ကြိမ် စစ်ရပြီး စစ်ပြီးပါကလည်း ကွာရန်တင်း ၃ ရက် ထားရကာ အချိန်ကြန့်ကြာ အသီးအရည်အသွေး ကျဆင်းခဲ့ရသည်ဟု ဆိုသည်။

“တရုတ်ဘက်ထဲ တဖြည်းဖြည်း ဖြေလျှော့မှုတွေ လုပ်လာပါတယ်။ Lockdown များစွာ ဖြေလျှော့ပေးနေတယ်။ မြန်မာကားတွေကိုလည်း ဝင်ခွင့်ပေးထားတယ်။ အထွက်လည်း အဆင်ပြေပါတယ်။” ဟု နောက်ထပ် ကုန်သည် တစ်ဦးကလည်း ပြောသည်။

ယခင်က စစ်ဆေးမှုတွေ အထပ်ထပ် ပြုလုပ်ရသောကြောင့် အချိန်ကြန့်ကြာပြီး ဝယ်လက်‌များ လာရောက်မှု နည်းပါးခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံထဲ စစ်ဆေးမှု ဖြေလျှော့ပေးလိုက်သောကြောင့် မြန်မာဘက်မှ တရုတ်ဘက်သို့ တင်ပို့နေသော သစ်သီးများ အရောင်းသွက်လာပြီး ဈေးကောင်း ရလာမည် ဟုမျှော်လင့်ကြောင်း မြန်မာ သစ်သီး ကုန်သည် တွေက ပြောသည်။

“ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲဆိုတော့ ဟိုဘက်က ကားတွေ လွယ်လွယ်ကူကူ သွားရတော့ ကျနော်တို့ အသီးတွေလည်း ဈေးကောင်းလေး ရမယ်လို့ မျှော်လင့်တာပေါ့။” ဟု ကုန်သည် တစ်ဦးက ဆိုသည်။

ယခင်က ၁၀ နေရာ စစ်ဆေးရာမှ ၈ နေရာ၊ ၈ နေရာ စစ်ဆေးရာမှ ၄ နေရာ၊ ၄ နေရာစစ်တဆးရာမှ ဇွန်လ ၁ ရက်နေ့တွင် ဆေး စစ်ဆေး ရန်မလိုအပ်ပဲ ဝမ်တိန် သစ်သီး အရောင်းကွင်းမှ သွားလိုသည့်မြို့သို့ တိုက်ရိုက် ထွက်ခွာခွင့် ပြုပြီ ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button