သတင်း

KIO အစိုးရ ပညာရေးဌာနအောက် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရလက်အောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသူ၊ကျောင်းသားများ၏ အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

KIO ပညာရေးဌာန စာစစ်ဌာန ၉ နေရာမှ စာမေးပွဲဖြေဆိုသည့် ကျောင်းသူ ၊ကျောင်းသား စုစုပေါင်း ၂၁၉၂ ဦး ရှိသည့်အနက် ၁၆၈၀ ဦး စာမေးပွဲ အောင်မြင်ပြီး ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သည့် ကျောင်းသူ ၊ကျောင်းသား (၃၀၈) ဦး ပါဝင်ကြောင်း သိရပါသည်။

“ကျနော်တို့ ဂုဏ်ထူးထွက်တဲ့ကလေးတွေကို ၁ ဘာသာ ၅ သောင်းသတ်မှတ်ပြီး ဆုချီးမြင့်တယ်။ ဂုဏ်ထူးထွက်အောင် သင်ပြပေးတဲ့ ဆရာ ၊မတွေကို လည်း ၁ သိန်းစီ ချီးမြင့်တယ်။ ကလေးတွေ ဂုဏ်ထူးထွက်သူက ၃၀၈ ယောက်နဲ့ ဂုဏ်ထူးအရေအတွက်က ၅၂၁ ရှိတယ်” ဟု KIO အစိုးရ ဗဟို ပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ် က ပြောသည်။

အောင်မြင်သူများတွင် ၅ ဘာသာဂုဏ်ထူးရှင် ၅ ဦး ၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ၊ ၃ ဘာသာဂုဏ်ထူးရှင် ၃၁ ဦး ၊ ၂ ဘာသာဂုဏ်ထူးရှင် ၈၂ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၇၄ ဦး ရှိသည်။

KIO အစိုးရလက်အောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအစိုးရကျောင်းတက်နေရင်း ကျောင်းရပ်နားခဲ့ကြသည့် အနယ်နယ်အရပ်မှ ကျောင်းသူ ၊ ကျောင်းသားမျာလည်း ပါဝင်ကြောင်း သိရသည်။

စာမေးပွဲကို ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ KIO ထိန်းချုပ်နယ်မြေ စာစစ်ဌာနများဖြစ်သည့် အလမ့်ဘွမ် အထက်တန်း ကျောင်း ၊ လိုင်ဇာမြို့ ကျောင်း၊ မိုင်ဂျာယန် အထက်တန်းကျောင်း၊ အင်ဘာပါ ကျောင်း၊ မုန်မစ်ဆင်လီ ကျောင်း၊ အင်ဂွမ်းလ ကျောင်း၊ ကျိန်ထောင်ပါ ကျောင်း၊ မုန်ဘော် ကျောင်း နှင့် လော့ဒ်အောင် ကျောင်းများတွင် ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသူ ၊ကျောင်းသားများသည် KIO အစိုးရမှ ဖွင့်ထားသည့် Mai Ja Yang College, Mai Ja Yang Institute Of Education(IED) , Institute of English Program , Federal Law Academy စသည့် ကျောင်းများကို ရွေးချယ်တက်ရောက်နိုင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button