သတင်း

ချောင်းဦးမြို့နယ် စစ်ကောင်စီတပ် နှင့် ပျုစောထီးအဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၈ဦးသေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဇီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အချို့နှင့် ပျူစောထီးအဖွဲ့ကို ဇွန်လ ၅ ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Farmer Revolution Force FRF(CHU) မှ သိရသည်။

ဒရုန်းဖြင့် တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုကာ ဆက်တိုက်ပစ်ခတ်ရာမှ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ဦးထက်မနည်း သေဆုံးကြောင်း CHU မှ တာဝန်ရှိသူက ပြောသည်။

“ဒရုန်းနဲ့တိုက်လိုက်တော့ သူတို့ဘက်က အင်အား၃၀ကျော်လောက်လိုက်လာပြီး တောက်လျှောက်ဆက်တိုက်ပစ်တာ မြေပြင်မှာထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့လည်း ပြေးရင်းလွှားရင်းတန်းလန်းနဲ့ မိုင်းတွေဆွဲလိုက်တယ်။ သူတို့ဘက်ကို တော်တော်ထိသွားတဲ့အခြေနေရှိတယ်။ ကျနော်တို့မျက်မြင်ကိုယ်တွေ့ သူတို့ဘက်ကရွာဘက်ကို အလောင်းတွေသယ်သွားကြတာ ၁၈ လောင်းလောက်ရှိတယ်” ဟု CHU မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် စစ်ကောင်စီဘက် ၁၈ဦးခန့် သေဆုံးခဲ့သလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှလည်း တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီး ညနေ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နယ်ငယ်များပစ်ဖောက်ကာ ချောင်းဦးမြို့နယ် တပါယ်အင်းရွာ သို့ ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် ၇၀ကျော်မီးရှို့ခံရ‌ ကြောင်း သိရသည်။

Show More

Related Articles

Back to top button