သတင်း

ခင်ဦး ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့သဖြင့် ကျေးရွာ ခုနှစ် ရွာမှ ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် မီးတင်ရှို့နေပြီး အနီးဝန်ကျင်ရှိ ကျေးရွာ ခုနှစ်ရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့ နောက်ပိုင်း ခင်ဦး ညောင်ကြီးစုရွာနှင့် အင်တိုင်းရွာဘက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ ကံသစ်ရွာကို မီးရှို့နေသောကြောင့် အနီးနား ကျေးရွာများသည်လည်း ထွက်ပြေးနေရကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ ပြောသည်။

“သူတို့က ညောင်ပင်ကြီးစုမှာ တစ်ကြောင်း ခင်ဦးမြို့နယ် အင်းပတ်ကွေ့နီးမှာတစ်ကြောင်း၊ ရွာထဲဝင်ပြီး ညမွှေနောက်နေတာတွေရှိတယ်။ ဒီနေ့ နေ့လည်ပိုင်းကနေတော့ ကံသစ်ရွာကိုစပြီး မီးရှို့နေတယ်ဗျ အဲ့နောက် ရွာမြောက်ပိုင်းပါထပ်ရှို့တယ်။ ဒေသခံတွေလည်း ပြေးနေလွှာနေရတယ်။ ရွာကိုလည်း ခုတော့ကပ်လို့ မရသေးတဲ့အတွက် အိမ်ခြေဘယ် လောက်ပါသွားလဲတော့ပြောလို့မရသေးဘူးဗျ”ဟု ၎င်းက ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည့် လက်နက်ကြီးများလည်း ယမ်းသမ်းပစ်ခတ်နေသည့်အတွက် ကျေးရွာ ခုနှစ်ရွာခန့် ထွက်ပြေးနေရကြောင်း သိရသည်။

“ဒေသခံတွေလည်း ထွက်ပြေး နေရတယ်။ အဲ့နားနီးရွာ ခုနှစ်ရွာလောက်ပြေးနေရတယ်။ ရွာလုံးကျွတ် ထွက်ပြေးနေရတာကတော့ နှစ်ရွာရှိတယ်။ အင်တိုင်းရွာနဲ့ ညောင်ပင်ကြီးစုရွာ တခြားရွာတွေကတော့ လူတိုင်းမပြေးသေးဘူး။ ကြိုပြီးတိမ်းရှောင်တဲ့ အနေအထားပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် အင်အား ၂၀၀ ခန့်ရှိပြီး ညောင်ပင်ကြီးစုတွင် အများဆုံးတပ်ဆွဲနေထိုင်နေကြောင်းနှင့် လတ်တလော ထွက်ပြေးနေရသည့်ရွာများမှာ ညောင်ပင်ကြီးစု၊ အင်တိုင်း၊အင်းပတ်၊ ကံသစ်၊ ရုံးစုကျေးရွာ၊ မူးသာရွာနှင့်ရွာသစ်ကျေးရွာတို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အလားတူ ခင်ဦးမြို့နယ်တွင် စစ်ကြောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သေဆုံးမှု ၁၆၀ ဦးခန့် အထိရှိခဲ့ပြီး ကျေးရွာပေါင်း သုံးဆယ်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button