သတင်း

နန့်ရင်းချောင်းရေကြီးမှုကြောင့် လူနေရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှုကြုံတွေ့နေရ

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် နန့်ရင်းချောင်းရေမြင့်တက်နေပြီး ချောင်းနှင့်နီးသော မြေနိမ့်ပိုင်း ရပ်ကွက်တစ်ချို့တွင် ရေဝင်ရောက်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၁၅ရက်​နေ့ ညပိုင်း ၃နာရီအချိန်ခန့်မှ မိုးသည်းထန်စွာရွာသွန်းမှုဖြင့် နန့်ရင်းချောင်းအထက်ဘက်တွင် ရေကြီးရေလျံဖြစ်ကာ ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ပြီး ချောင်းရေ ၁၀ ပေခန့်အထိ ရုတ်တရက်ရေမြင့်တက်လာခဲ့ပြီးနောက် လက်ရှိတွင် မိုးညှင်းမြို့ပေါ်ရှိ ရပ်ကွက် ၃နေရာခန့်တွင် ရေဝင်ရောက်မှုများကြုံတွေ့နေရသည်ဟု နောင်စွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက KNG သို့ပြောသည်။

“ဘယ်ရပ်ကွက်တွေဝင်သလဲဆိုတော့ နောင်စွန်း အောက်ချိုင့်မှာရေဝင်တယ် ပြီးတော့ ရေလည်ကျွန်းတို့မှာလည်းရေဝင်တယ် နတ်ကြီးကုန်းအောက်ချိုင့်တွေမှာရေဝင်တာ အိမ်တွေထဲထိရေဝင်တာရှိတယ် အများကြီးဝင်တာမဟုတ်ဘူး ပြောင်းရွေ့တာဘာညာတော့လော လောဆယ် မရှိသေးဘူးရှင့်”ဟုပြောဆိုသည်။

လတ်တလောတွင် နောင်စွန်း၊ ရေလည်ကျွန်းနှင့် နတ်ကြီးကုန်း စသော မြေနိမ့်ပိုင်းဖြစ်သည့် ရပ်ကွက် ၃ ခုတွင်သာ ရေဝင်ရောက်မှုများရှိနေပြီး တောင်ကျရေကြောင့် ယခုကဲ့သို့ချောင်းရေမြင်တက်လာခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ နေ့လည်ပိုင်းတွင် မိုးရွာသွန်းမှု လျော့ကျသွားပြီဖြစ်သည့်အတွက် ရေမြင့်တက်မှုအနည်းငယ်ကျဆင်းသွားပြီး ဆက်လက်မိုးရွာသွန်းမှုရှိလာပါက လက်ရှိအခြေအနေထက် ရေကြီးရေလျံမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသခံတစ်ချို့သုံးသပ်ပြောဆိုထားပါသည်။

အဆိုပါနန့်ရင်းချောင်းသည် ပြီးခဲ့သောနှစ်တွင် ကျေးရွာအတွင်း လူနေရပ်ကွက်အထိ ရေဝင်ရောက်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးများပြီး ယခုထက် အခြေအနေဆိုးရွာလာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြပါသည်။

နန့်ရင်းချောင်းသည် ဟိုပင်မြို့ဘက်မှ စီးဆင်းလာပြီး ​မိုးညှင်းမြို့နယ်ကိုဖြတ်သန်းစီးဆင်းနေသည့်ချောင်းတစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button