သတင်း

ချောင်းဦးနယ် တောကျောင်းလေးရွာ ထပ်မံမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၄ဦးလည်းသတ်ဖြတ်ခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တော‌ကျောင်းလေးကျေးရွာရှိ လူနေအိမ် ၁၀၀ ဝန်းကျင်ကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးအဖွဲ့များက ဇွန်လ ၁၄ရက် ယမန်နေ့နံနက် ၅နာရီခန့်တွင် မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ၄ဦးလည်း သတ်ဖြတ်ခံထားရကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရပါသည်။

“သတ်ဖြတ်ခံရတာတော့ ယောက်ျားသားတွေပဲ။ တစ်ယောက်ကတော့ မီးရှို့ပြီးသတ်ခံရတာ ကျန်တာတွေကျတော့ မျက်ခွက်တွေဘာတွေကို ဓားတွေနဲ့မွှန်းပြီးတော့ သေနတ်တွေနဲ့ရောပစ်သတ်ခံရတာဗျ”ဟု Farmer Revolution Force FRF (CHU)မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ဇွန်လ၁၂ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်ရေယာဥ်ဖြင့်ဆန်တက်လာကာ တောကျောင်းလေးရွာတွင် ၂ရက်ကြာဝင်ရောက်တပ်စွဲခဲ့ပြီး ဒေသခံများ၏ စားနပ်ရိက္ခာများ၊အိမ်မွေးတိရိစ္ဆာန်များနှင့်အခြားတန်ဖိုးကြီးပစ္စည်းများကို လုယက်မှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။

သတ်ဖြတ်ခံရသည့် ဒေသခံပြည်သူ ၄ဦးထဲတွင် အသက်၅၀နှစ်အရွယ်ရှိ စိတ်မနှံ့သည့် အမျိုးသားတစ်ဦးပါဝင်ကြောင်းသိရသည်။

ထို့အပြင် တောကျောင်းရွာမှ ဒေသခံ ၂၀ ဦးခန့်ကိုလည်း ဇွန်လ ၁၄ ရက်နေ့တွင် စစ်တပ်မှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့ နံနက်၉နာရီခန့်အချိန်တွင် ပြန်လွှတ်‌ပေးခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရပါသည်။

“ဓားစာခံဖမ်းသွားတဲ့သူတွေတော့ ပြန်လွှတ်လိုက်ပြီလို့သိရတယ်။ စစ်ကြောင်းနဲ့အတူပစ္စည်းထမ်းဖို့ခေါ်သွားတဲ့သူတွေပေါ့။ ဒီမနက်၉နာရီလောက်မှာ ပြန်လွှတ်ပေးတာဗျ”ဟု ဒေသခံတစ်ဦးက KNGသို့ပြောသည်။

လူနေအိမ် ၁၀၀ ဝန်းကျင် မီးရှို့ခံရမှုကြောင့် ဒေသခံပြည်သူများ ပြသနာအခက်အခဲကြုံတွေ့နေရ

စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့မှ တောကျောင်းလေးရွာကို မီးရှို့ဖျက်ဆီးမှုသည် ၄ကြိမ်အထိရှိလာပြီး ထိုသို့ ရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်နေသည့် ပြည်သူ ၂၀၀ ဝန်းကျင်ခန့်ရှိလာပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သူက ဆက်ဆိုထားသည်။

“ရွာကို မီးရှို့တာ ဒီတစ်ခေါက်နဲ့ဆို ၄ကြိမ်ရှိပြီ။ ခုမိုးတွင်းကာလဆိုတော့ မီးရှို့ခံရတဲ့အိမ်ခြေတွေအတွက် အဝတ်အစားတွေ အစားအသောက်တွေတော့ လိုအပ်နေပါတယ်။ တတ်နိုင်တဲ့သူတွေကို နိုင်သလောက်လည်း ကူညီပေးစေလိုပါတယ်”ဟုပြောဆိုသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောင်ပိုင်း ယနေ့ချိန်ထိ ချောင်းဦးမြို့နယ် တစ်ခုလုံးအတိုင်းတာနှင့်ဆိုလျှင် မီးရှို့ခံရသည့် အိမ်ခြေပေါင်း ၁၀၀၀ ဝန်းကျင်ခန့်ရှိလာပြီဖြစ်သည်။

Data For Myanmar ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂‌၂ ခုနှစ် မေလအထိ တစ်နိုင်ငံလုံးမီးရှို့ခံရသည့် နေအိမ်ပေါင်း ၁၈၈၈၆ အိမ်ရှိရာ စစ်ကိုင်းတိုင်းတွင် ၇‌‌၁‌‌၄‌‌၆ အိမ်ပါဝင်သည်။

Show More

Related Articles

Back to top button