သတင်း

ယင်းမာပင်နယ် NUG အခြေခံပညာရေးကျောင်းတွင် ဆရာ/ဆရာမ မလုံလောက်သည့်အတွက် အခက်တွေ့နေ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့၏ လမ်းညွန်မှုဖြင့် ဖွင့်လှစ်ထားသော အခြေခံပညာရေးကျောင်းပေါင်း ၈၀ ကျော်ခန့်ရှိနေပြီး ထိုစာသင်ကျောင်းများတွင် သင်ကြားပေးမည့် ကျောင်းဆရာ/ဆရာမ မလုံလောက်သည့်အတွက် သင်ကြားပိုင်းအတွက် အခက်အခဲဖြစ်နေကြောင်း ယင်းဒေသမှ တာဝန်ရှိသူများထံမှသိရပါသည်။

ယင်းမာပင်မြို့နယ်တွင် NUG အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလခန့်မှ စတင်လှုပ်ရှာဆောင်ရွက်လာခဲ့ရာ လက်ရှိအချိန်ထိဖွင့်လှစ်ထားနိုင်သည့် စာသင်ကျောင်းပေါင်း ၈၃ ကျော်အထိရှိခဲ့ပြီး ထို စာသင်ကျောင်းဖွင့်လှစ်ထားသည့် နေရာဒေသတစ်ချို့တွင် စာသင်ကြားပေးမည့် ကျောင်းဆရာ/မ လုံလောက်မှုမရှိသည့်အတွက် သင်ကြားရေးပိုင်းတွင် အချိန်ကျန့်ကြာမှုများရှိနေသည်ဟု ယင်းမာပင်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြော သည်။

“အခုတော့သင်ကြားရေးပိုင်းမှာ ပုံမှန်အနေအထားလောက်ကိုရောက်နေပါပြီ။ တချို့ကျောင်းတွေမှာဆိုရင် အားကစားပွဲတွေ စုံညီပွဲတွေလည်းစပြီး လုပ်ဆောင်နေပါပြီ။ ကျွန်တော်တို့ကွင်းဆင်းပြီးတော့မှ စည်းရုံးလှုံ့ဆော်နေပေမယ့် ကွင်းဆင်းပြီးတဲ့ကျေးရွာတိုင်းကိုတော့ မဖွင့်နိုင်သေးပါဘူး။ အခုဖွင့်လှစ်နိုင်တာကတော့ ကျောင်းပေါင်း ၈၃ ကျောင်းအထိတော့ရှိတယ်။ ကျေးရွာပေါင်း ၈၃ ရွာပေါ့။ ကျနော်တို့မှာ အခက်အခဲကတော့ရှိနေတယ်။ တချို့နေရာတွေဆိုရင် သင်းကြားရေးလုပ်ချင်ပေမယ့် ဆရာ/ဆရာမ မရှိတဲ့အခက်အခဲလေးတွေဖြစ်နေတယ်။ တချို့ကျောင်းတွေမှာက သင်ကြားရေး ဆရာ/ဆရာာမတွေက နည်းနေဆဲပဲဖြစ်တဲ့အတွက် စာသင်ကြားပေမယ့် ဆရာတွေလိုအပ်နေတယ်”ဟုပြောဆိုသည်။

NUG အစိုးရလက်အောက် ဖွင့်လှစ်ထားသော စာသင်ကျောင်းပေါင်း ၈၃ ကျောင်းတွင် CDM ဆရာ/ဆရာမများနှင့်ဘွဲ့ရရှိထားသူများ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၀၀၀ ကျော်ခန့်သာရှိနေပြီး NUG ပညာရေးကျောင်းတွင် ဝင်ရောက်သင်ကြားမှုခံယူနေသော ကျောင်းသား/ကျောင်းသူများ သောင်းချီရှိနေသည်ဟု လည်းသူကဆက်ဆိုထားသည်။

“ကျောင်းအားလုံးတော့မဟုတ်ဘူး။ တချို့ကတော့ မူလတန်းအဆင့်နိုင်ရင် မူလတန်းအဆင့်ဖွင့်ထားပေးတယ်။ ကျောင်းအများစုကတော့ အလယ်တန်းကျောင်းတွေဟုတ်တယ်။ အထက်တန်းအဆင့်ထိသင်တဲ့ ကျောင်းတွေလည်း တချို့ရှိပါတယ် ။ ဆရာ/ဆရာမ မလုံလောက်တော့ ဘယ်လိုလုပ်သလဲဆိုတော့ CDM ဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း များတဲ့ ရွာတွေကနေပြီးတော့ ပိုလျှံနေတဲ့ရွာတွေကနေပြီးတော့ လိုအပ်နေတဲ့ရွာတွေကိုသွားပြီးတော့ ကူညီပေးတာမျိုးတွေရှိပါတယ်။ အခုချိန်အထိ လိုအပ်ချက်များတွေကတော့ရှိနေဆဲပါပဲ”ဟုပြောဆိုသည်။

လက်ရှိ NUG အစိုးရ၏ အခြေခံစာသင်ကျောင်းပေါင်း ၈၃ ကျောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကထိန်းချုပ်ထားသည့် နယ်မြေတွင်ဖြစ်ပြီး အုပ်ချုပ်ရေးနှင့် နယ်မြေစိုးမိုးမှုကို ယင်းတပ်ဖွဲ့များက တာဝန်ယူဆောင်ရွက်ထားသည်ဟုသိရသော်လည်း တဖက်တွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုး ဝင်ရောက်လာမှုများရှိခဲ့လျင် ထွက်ပြေးတိမ်းရှောင်နေရဆဲလည်းဖြစ်ကြောင်း ဆက်လက်သိရပါသည်။

ယင်းမာပင်နယ် NUG ဖွင့်လှစ်ထားသော ကျောင်းတွင် မြင်တွေ့ရသော ကျောင်းသား/သူများ

NUG ပညာရေးကျောင်းများတွင် သင်ကြားပို့ချပေးနေသည့် သင်ရိုးညွန်းတမ်းများသည် ယခင်က အခြေခံပညာကျောင်းများတွင် အသုံးပြုသင်ကြားခဲ့သော သင်ရိုးညွန်းတမ်းများကိုသာ ဆက်လက်အသုံးပြုလျက်ရှိနေပြီး ယခု စစ်ကောင်စီကျောင်းများတွင် သင်ကြားရန် ပြန်လည်ပြုပြင်ထုတ်ဝေထားသည့် သင်ရိုးညွန်းတမ်းများကို အသုံးပြုသင်ကြားနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ယင်းမာပင်နယ်တွင် ယခုကဲ့သို့ ကြားကာလပညာရေးကို NUG နှင့် ချိတ်ဆက်၍ ဖော်ဆောင်ရခြင်းသည် ပညာရေးနှင့်အလှမ်းဝေးနေသည့် ကျောင်းသား/သူများ၏ ပညာရေးတွင် ဆုံးရှုံးနစ်နာမှုများမဖြစ်စေရန် ရည်ရွယ်ပြီး ထိုဒေသတွင် နောက်ထပ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသည့် ကျောင်းများလည်းရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် NUG အစိုးရနှင့် ချိတ်ဆက်၍ ဖွင့်လှစ်နေသည့် စာသင်ကျောင်းများ မြောင်မြို့နယ်တွင် ၂၆ ကျောင်း၊ ကောလင်းတွင် ၁၁၃ ကျောင်းနှင့် ယခု ယင်းမာပင်နယ်တွင် ၈၃ ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၂၀၀ ကျောင်းအထိရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button