တိုက်ပွဲသတင်း

KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးသွား၊ သေဆုံးမှုရှိနိုင်ဟုဆို

ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးကို စစ်ကောက်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ မှ ဇွန်လ ၂၂ရက်နေ့ သေနတ် ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ မည်သည့်နေရာ တွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ၂နာရီဝန်းကျင် အောင်မြေ ၂ ကျေးရွာ ရပ်ကွက် ၂ တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၂ဦးကို ဖမ်းဆီးပြီး နေအိမ်တစ်အိမ်တွင် ဝင်နားနေစဉ် ပြည်သူ့စစ်အဖွဲ့မှ လာရောက် ဝန်းရံ ပစ်ခတ်ခဲ့သောကြောင့် KIA အရာရှိတစ်ဦး သေနတ်ထိမှန်ကာ ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်သက်သေ အောင်မြေ ၂ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြေဆိုသည်။

“KIA အဖွဲ့က မူးယစ်ဆေးရောင်းတဲ့နေရာကနေ လူ ၂ယောက်ကို ဖမ်းလာတယ်။ လမ်းမှာ တစ်ယောက်က လွတ်သွားတယ်။ အဲ့လွတ်သွားတဲ့သူက အောင်မြေ ၁ မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ကို သွားတိုင်လိုက်တာ။ KIA ကလည်း နေအိမ်တစ်ခုမှာ ဖမ်းလာတဲ့ တစ်ယောက်ကို စစ်ဆေးတာတွေ လုပ်နေတဲ့အချိန် ကြားမှာ မိနစ် ၃၀ လောက်ဘဲကွာတယ်။ ခဏဆို ပြည်သူ့စစ်အဖွဲ့က သုံးဘီးကားနဲ့ လာပြီး KIA အဖွဲ့ရှိနေတဲ့ အိမ်ကို ဝိုင်းပြီး သေနတ်တွေနဲ့ အကြီးအကျယ်လာပစ်ပြီလေ။ အဲ့မှာ တစ်ယောက်ထိသွားတယ်။ ဒဏ်ရာရသွားတော့ မပြေးနိုင်တော့ဘူး။ အဲ့မှာ လဲကျသွားတော့ ပြည်သူ့စစ်အဖွဲ့က သယ်သွားတယ်”ဟု ပြောဆိုသည်။

KIA စစ်သားသည် သူ၏ ခြေထောက်တစ်ဖက်နှင့် ဝမ်းဗိုက် တစ်နေရာ စသော ၂နေရာတွင် ပြင်းထန်စွာဒဏ်ရာရှိခဲ့သဖြင့် လက်ရှိတွင် အသက်သေဆုံးမှု ပိုမိုများနိုင်ကြောင်း သူကယခုလို ဆက်လက်ပြောဆိုထားသည်။

“သေနတ်ထိမှတ်ပြီး ပြည်သူ့စစ်က ဖမ်းသွားတဲ့သူက သေသွားပြီလို့ပြောလို့ရတယ်။ အသက်ရှင်ဖို့ အလားအလာမရှိနိုင်လောက် တော့ဘူး။ ဘာလို့လဲဆိုတော့ သေနတ်မှန်ပြီး လှဲကျသွားတဲ့အချိန် သွေးတွေအများကြီးမြင်ရတယ်။ အဲ့မှာတောင် သူသတိမရတော့ ဘူး။ ပြီးရင် ပြည်သူ့စစ်အဖွဲ့က သေနတ်တွေနဲ့ ပြန်ရိုက်နက်။ ဘာသတိမရတော့ဘူး။ ဆိုင်ကယ်နဲ့ သယ်သွားကြတယ်”ဟုပြောဆို သည်။

သေနတ်ဒဏ်ရာဖြင့် သွေးထွက်နေသော KIA အရာရှိကို ပြည်သူ့စစ်အဖွဲ့ သုံးဘီးကားဖြင့်သယ်ဆောင်သွားပြီးနောက် ယမန်နေ့ ၅နာရီခန့်အထိ အောင်မြေ ၁ ပြည်သူ့စစ်တပ်စခန်းတွင် ထားရှိပြီး ညမိုးချုပ်သွားသည့်နောက်ပိုင်း ယနေ့အထိ မည်သည့်နေရာတွင် ပြန်လည် ထားထားသည်ကို မသိရှိတော့ကြောင်း သူက ဆက်လက်ပြောဆိုသည်။

အဆိုပါ KIA အဖွဲ့မှ ဖမ်းဆီးသွားသော မူးယစ်ဆေးဝါးရောင်းချသူ ၂ဦးသည် ပြည်သူ့စစ်အဖွဲ့နှင့် ဆက်စပ်သူများဖြစ်ကြပြီး ဖမ်းဆီးသွားသော ၂ဦးအနက် တစ်ဦးထွက်ပြေးလွတ်မြောက်သွားသည့်အတွက်ကြောင့် ပြည်သူ့စစ်အဖွဲ့ကို သွားရောက်တိုင်တန်းခဲ့ရာမှ  ပြည်သူ့စစ်အဖွဲ့ဘက်မှ စစ်အင်အား ၁၀ ကျောက်ခန့်အပါ KIA ရှိနေသည့် နေအိမ်သို့ ဝိုင်းရံ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိပြည်သူ့စစ်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန် သွားသည့် KIA အရာရှိသည် အသက် ၄၀ နှစ်အရွယ်ရှိသူတစ်ဦးဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) မှဖြစ်သည်ဟု သိရသည်။

အောင်မြေ ၁ နှင့် ၂ ကျေးရွာတွင်တည်ရှိသော ပြည်သူ့စစ်အဖွဲ့သည် ဝိုင်မော်မြို့နယ် ၅၈ တပ်ရင်းအောက်တွင်ရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ကျေးရွာဒေသအတွင်း စစ်ရေးသွားလာလှုပ်ရှားမှုများနှင့် ဂိတ်များတိုချဲ့ကာ ငွေကြေးကောက်ခံမှုများ ယခင်ကထက် ပိုမိုများပြားလာကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button