သတင်း

မိုးကြိုးပြင် (မြောက်) ရွာက မီးဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်(မြောက်) ရွာမှ မီးဘေးသင့် ပြည်သူ ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဆားလင်းကြီးမြို့နယ် တရုတ်ပိုင်ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲနေသည့် အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့ ဝမ်ပေါင်ကုမ္ပဏီအနီး မိုးကြိုးပြင်(မြောက်) ရွာသို့ ဝင်ရောက်စီးနင်းကာ နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သဖြင့် လက်ရှိတွင် လူဦးရေ ၂၀၀၀ ခန့်မှာ မီးဘေးသင့်နေပြီဟု ကူညီပေးနေသူတစ်ဦးက KNG ကို ပြောသည်။

“နေစရာကို မရှိတော့တာ တစ်ရွာလုံးပြာကျသွားတာ ပြာပုံပဲရှိတော့တာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်။ လူဦး‌ရေက ၂၀၀၀ ပတ်ဝန်းကျင်လောက်ရှိမယ် အခုအဓိကလိုတာကတော့ အစားအသောက်နဲ့မိုးကာပေါ့” ဟု မီးဘေးသင့် ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။

မိုးကြိုးပြင်(မြောက်) ရွာသည် ပထမဆုံးအကြိမ် မီးရှို့ခဲ့ရခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူအများစုသည် ကျေးရွာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် နေအိမ် မီးရှို့သည်သာမကပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း ခေါင်း၊ ခြေလက်များကိုဖြတ်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် လင်းစားကျက်ကျေးရွာနှင့် ငွေသာကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့များ မီးတင်ရှို့ခဲ့ပြီး နေအိမ် ၁၀၀ကျော် မီးလောင်ပြာကျကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ကိုလည်း သတ်ဖြတ်ခဲ့သည်။

Show More

Related Articles

Back to top button