သတင်း

စိုက်ပျိုးချေးငွေ ယူလိုသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပါရမည်ဟုဆို

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် စိုက်ပျိုး ချေးငွေချေးယူလိုသော တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း လက်မှတ်ပါလာမှသာ ထုတ်ချေးပေးမည်ဟု စစ်ကောင်စီဘက် မှ ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ပူတာအိုမြိုနယ်အတွင်းရှိ တောင်သူများအတွက် မိုးစပါးချေးငွေကို ဇူလိုင်လ ၉ ရက်နေ့တွင် ပူတာအိုမြို့ မိုးလုံလေလုံ အားကစားကွင်းတွင် ထုတ်ချေးပေးမည်ဖြစ်ပြီး လာရောက်ထုတ်ချေးလိုသူများ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း ဆေးလက်မှတ်ပါလာရမည်ဟု ပြောဆိုကြောင်း ကောင်ကထောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“စိုက်ချေးငွေတွေ ဇူလိုင် ၉ ရက်နေ့ လာချေးလို့ရပြီ ဆိုပြီး ရပ်ကွက်လူကြီးတွေမနေ့ညကလာပြောတယ်။ ဒါပေမယ့် ဒီနှစ်ကထူးဆန်တယ် မနှစ်ကနဲ့မတူဘူး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း ဆေးလက်မှတ်ပါမှ ရမယ်တဲ့ ဘာသဘောလဲမသိဘူး မနှစ်ကလည်းကိုဗစ်ဖြစ်တာပဲ ဆေးထိုးကြတာပဲ ဒါပေမယ့်မလိုဘူး။ ဒီတိုင်းသွားချေးတာ ဒီနှစ်က ထူးဆန်းတယ်”ဟု ဆိုသည်။

ယင်ခင်နှစ်များတွင် ပုံစံ ၇ ပြုလုပ်ထားသည့် စာအုပ်အပြာဖြင့်သာ သွားရောက် ထုတ်ချေးကြပြီး ယခုနှစ်မှာ ယခင်နှစ်တွင်ပြောင်းလဲသွားသည်ဟု လေယာဉ်ကွင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း ထပ်မံ ပြောဆိုသည်။

“ကျွန်မတို့ ပုံစံ ၇ လုပ်ထားတဲ့ စာအုပ်အပြာဟာလေး အဲ့တာကသူတို့ဆီ ပေးထားတာသူတို့ဆီမှာပဲ ခါတိုင်းနှစ်ဆို အဲ့တာရှိတော့ အဲ့တာနဲ့ပဲထုတ်ယူတာ ဟုတ်တယ်။ ဒီဘက်က ရွာတွေဆိုရင် အတော်များများက ကာကွယ်ဆေး မထိုးကြဘူး ကျွန်မလည်းထိုးတော့ထိုးတယ်။ လက်မှတ်က ပျောက်နေတာ”ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်၍ ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းရာယခုကဲ့သို့ပြောသည်။

“ဟုတ်တယ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ လက်မှတ်ပါလာမှ ချေးပေးမှာ တကယ်လို့ မထိုးရသေးဘူး လက်မှတ်မရှိဘူး ဆိုရင်တော့ အဲ့ဒီချေးငွေထုတ်ပေးတဲ့နေရာမှာတစ်ခါတည်း ထိုးပေးမယ်အဲ့တာမှ ချေးပေးမှာ”ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက ပြောင်းလဲ ကျင့်သုံးလိုက်သည့်စနစ်သည် ချေးငွေထုတ်ချေးလိုသည့် ပြည်သူများအတွက်အခက် အခဲဖြစ်နေပြီး ကာကွယ်ဆေးထိုးနှံပြီးစီး၍ ဆေးလက်မှတ်ပျောက်ဆုံးနေသူများ ကာကွယ်ဆေး မထိုးလိုသည့် တောင်သူများအတွက် ပိုမိုအခက်အခဲဖြစ်စေနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ဤသို့ထုတ်ချေးပေးရွာတွင် ပူတာအိုမြို့နယ်အတွင်းရှိ ပြည်သူများကို တစ်ရွာလျှင် နှစ်ရက်နှုန်းဖြင့်အလေ့ကျ ထုတ်ချေးပေးမည်ဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့တွင် ကောင်ကထောင်ရပ်ကွက်နဲ့ လုံးစွတ်ရပ်ကွက်ကို စတင်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက မိုးစပါးချေးငွေထုတ်ချေးပေးရာတွင် တစ်ဧက ကျပ် ၁၅၀၀၀၀ နှုန်းဖြင့်ထုတ်ချေးပေးမည်ဖြစ်ပြီး ယင်းချေးငွေကို လာမည့် ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလတွင် ပြန်ဆပ်ရမည်ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button