စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမော်မြို့ စစ်ရှောင် အိမ်ထောင်စု ၁၂ စု နေရပ်ပြန်

ဗန်းမော်မြို့တွင်း ရောဘတ် စစ်ရှောင်စခန်း မှ စစ်ရှောင် အိမ်ထောင် ၁၂ စု ဇူလိုင်လ ၁၄ ရက်နေ့က နေရပ်ပြန်သွားပြီး နောက်ထပ် အိမ်ထောင် ၁၄ စုလည်း နေရပ်ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ရောဘတ်စစ်ရှောင်စခန်းမှ ပြည်သူများသည် စခန်းတွင်း ခက်ခဲမှု ပိုမိုကြုံတွေ့လာရသောကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ရောဘတ်စစ်ရှောင်စခန်း မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“အချိန်လည်း အရမ်းကြာလာတော့ ခက်ခဲမှုက စစ်ရှောင်မှာနေလည်း ခက်၊ ဘယ်မှာလည်း တူတူဆိုတော့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီး ပြန်သွားကြတာ ဟုတ်တယ်။ အိမ်ထောင် ၁၂ ခုပြန်သွားပြီ။ အခု အိမ်ထောင် ၁၄ ခုလည်း လျှောက်လွှာစာ တင်ထားပြီး ပြန်ဖို့ရှိတယ်။ ဇွန်လက လျှောက်ထားပြီး ဒီဇူလိုင်လမှာ ၆ လစာ ကူညီမှု ရပြီဆိုတာနဲ့ ဘယ်အချိန်ဖြစ်ဖြစ် အဲ့တာရပြီးတာနဲ့ ပြန်ဖို့ပြင်ဆင်နေတယ်။” ဟု ရောဘတ် စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇူလိုင် ၁၄ ရက်က နေရပ်ပြန်သွားသည့် ကျေးရွာများမှာ ဂေါင်ရွန်ကျေးရွာ မှ အိမ်ထောင် ၉ ခု၊ ဘွမ်ဆန်ယန်ကျေးရွာ မှ ၁ စု၊ ၃ မိုင်ကျေးရွာ မှ ၁ စု နှင့် မုန်းဒိန်ပါဒေသခံ ၁ စုတို့ ဖြစ်ကြသည်။

နောက်ထပ် နေရပ်ပြန်ရန် ပြင်ဆင်နေသည့် ကျေးရွာများမှာ မိုင်းခေါင်အနီးရှိ နမ်ဖူကျေးရွာ ဒေသခံများဖြစ်ကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်သေးသော်လည်း မိမိစားဝတ်နေရေးအတွက် ပိုမိုကြပ်တည်းလာသောကြောင့် ယခုလို နေရပ်ပြန်သွားရခြင်းဖြစ်သည်ဟု မုန်းဒိန်ပါဒေသခံ စစ်ရှောင်အမျိုးသမီး က ယခုလိုပြောသည်။

“ဘာလို့ ပြန်သွားရလဲဆိုတော့ ဝမ်းရေးပေါ်မူတည်ပြီး အပြင်မှာနေပြီးကြိုးစားမှ ကလေးတွေအတွက်လည်း ပိုပြီးထောက်ပံ့နိုင်မလားလို့တွေးတယ်။ စစ်ရှောင်စခန်းတွင်းမှာပဲနေရင်က ကူညီထောက်ပံ့တာလောက်နဲ့ ကလေးတွေအတွက်လည်း တိုးတက်လမ်းကင်းမဲ့သလို ခံစားလာရတော့ နေရပ်ပြန်သွားပြီး လုပ်ကိုင်စားသောက်မှ ပိုကောင်းလားလို့ ဆုံးဖြတ်ပြီး ပြန်သွားတာဖြစ်တယ်။ ကျမတို့ပြန်တဲ့အချိန် မုန်းဒင်ပါကျေးရွာ ဒေသခံတစ်ယောက်မှ မပြန်သေးဘူး။ ဆိုတော့ ကျမက မိုင်းခေါင်က ဆွေမျိုးအိမ်မှာပဲ ပြန်သွားတာဖြစ်တယ်။” ဟု ပြောသည်။

နေရပ်ပြန်သွားသော စစ်ရှောင်ပြည်သူများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နှင့် KMSS အဖွဲ့အစည်းမှ ၆ လစာ ထောက်ပံ့ထားသည် ဟု သိရသည်။

“နေရပ်ပြန်နေပြီဆိုပေမဲ့ နောက်နောင် ရောက်လာမဲ့အချိန်တွေမှာ ကျေးရွာတွေမှာ နေလို့မရပဲ အရင်လိုပဲ တိုက်ပွဲ ပြန်ဖြစ်လာလို့ စစ်ရှောင်စခန်းဆီပဲ ပြန်လည်တိမ်းရှောင်လာတဲ့အချိန်လည်း ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြန်လက်ခံပေးဖို့ လည်း တောင်းဆိုထားချင်ပါတယ်။” ဟု နေရပ်ပြန်အမျိုးသမီးတစ်ဦးကပြောသည်။

ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းတွင် လက်ရှိ စစ်ရှောင်အိမ်ထောင် ၅၈၀ ကျော် နှင့် လူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button