သတင်း

ရှင်ဗွေယန်မြို့နယ်ခွဲ မုန်တိုင်းသင့် ဒေသခံများအတွက် အကူညီ လိုအပ်နေဆဲ

တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ လုံယုန်းကျေးရွာတွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တစ်ရွာလုံးရှိ နေအိမ်များ ထိခိုက်ပျက်စီးသွားသဖြင့် ကူညီမှု လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းက လုံယုန်းကျေးရွာတွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် နေအိမ်အားလုံး ပျက်စီးကာ ရွာသား ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“တစ်ရွာလုံး လေမုန်တိုင်းဝင်ရောက်ပြီး သစ်ပင်ကြီးတွေကျိုးကျပြီး နေအိမ်အားလုံး ပျက်စီးသွားတာနဲ့ ကျိုးကျသွားတာနဲ့ လူ ၂ ဦး က အဲ့မှာ ဒဏ်ရာနဲ့ သေဆုံးသွားတယ်၊ ၂ ဦးက ထိခိုက်သွားတယ်ပြောတယ်။ ဘယ်သူဘယ်ဝါတော့ ကျနော်လည်း ကောင်းကောင်း မသိရဘူး။ ဒါတောင် ရွာသား တစ်ယောက် တနိုင်းမြို့ကို ဆင်းလာပြီး လာပြောမှသိရတယ်။ သူတို့ ရွာဘက်က ဖုန်းလိုင်းလည်း မရှိတော့ သိရနောက်ကျသွားတယ်။ မုန်တိုင်းကြောင့် လမ်းတွေလည်း ပိတ်မိသွားတော့ အဲ့တာတွေအားလုံး ရှင်းလင်းခဲ့ပြီးမှ တနိုင်ချောင်းဆီ ကူးခဲ့နိုင်တာကြောင့် အခုလိုဖြစ်ကြောင်း သိရတာဖြစ်တယ်။” ဟု လေပြင်းတိုက်ခိုက်ခံရသော အခြေအနေနှင့်ပတ်သက်ပြီး တနိုင်းဒေသခံတစ်ဦး က တဆင့်ပြောပြသည်။

မုန်တိုင်း တိုက်ခတ်ခံရသော လုံယုန်းကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ မရှိသောကြောင့် ကျေးရွာဒေသခံတစ်ချို့ မှာ တနိုင်းမြို့သို့ဆင်းခဲ့ကာ ဖြစ်စဉ်နှင့်အခက်အခဲများကို လာရောက်ပြောပြပြီး နောက်မှသာ သိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုံယုန်းကျေးရွာသည် အိမ်ခြေ ၅၀ ကျော်ရှိပြီး နာဂ လူမျိုးအများစုနေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။

လုံယုန်းကျေးရွာနှင့်တစ်ဆက်တည်း နန်းယွန်းမြို့နယ် ချွမ်ဆာကျေးရွာတွင်လည်း ဇူလိုင် ၈ ရက်နေ့က မုန်တိုင်း တိုက်ခတ်ခံရသဖြင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဆက်လက်သိရသည်။

၎င်းကျေးလက်ဒေသများတွင် ယခုကဲ့သို့ လေပြင်းမုန်တိုင်းတိုက်ခတ်မှုသည် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ကာ ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခုချိန် ဒေသခံပြည်သူများအတွက် အစားအသောက်မှအစ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသောကြောင့် ကူညီထောက်ပံ့ပေးရန် မျှော်လင့်ကြောင်း ဒေသခံများမှ တောင်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

“သူတို့က ထိခိုက်ဒဏ်ရာရထားသူကို ရှင်ဗွေယန်မြို့ ဆေးရုံဆီဆေးကုဖို့ လမ်းခရီးခက်ခဲတာကြောင့် မပို့နိုင်ဘူးလို့ပြောတယ်။ အခုတော့ရောက်ပြီလားမသိဘူး။ သူတို့အိမ်အားလုံး ပျက်စီးသွားတာကြောင့် ခိုလှုံဖို့ နေအိမ်နဲ့ အိမ်တချို့ ပြန်လည်ပြင်ဆင်ဖို့ လိုနေတယ်။ နဂိုကတည်းက ခက်ခဲနေတဲ့ကြား အခုလို မုန်းတိုင်းပြန်မိတော့ သူတို့အနည်းကျဉ်းပဲရှိတာက ပျက်စီးကုန်ပြီပြောတယ်။ ဆိုတော့ အစားအသောက်လည်း ခက်ခဲနေတယ်း အမျိုးသမီးနဲ့ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကလေးမိခင်အတွက် လိုအပ်တဲ့ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်။ သူတို့က အရမ်းခက်ခဲတယ်ပဲ လာပြောသွားတယ်။ တရွာလုံးပျက်စီးသွားတာကြောင့် အရမ်းဒုက္ခရောက်နေတယ်လို့ အကူအညီလာတောင်းသွားတယ်။” ဟု ပြောသည်။

ထိုနေရာဒေသများတွင် လမ်းပမ်းဆက်သွယ်ရေးခက်ခဲသလို တောင်ယာအခင်းသာလုပ်ကိုင်ကြရသောကြောင့် ဆေးဝါး နှင့် အစားအသောက် ကူညီထောက်ပံ့မှုများ အဓိက လိုအပ်သည်ဟု သိရပါသည်။

Show More

Related Articles

Back to top button