တိုက်ပွဲသတင်း

အင်းတော်-ဗန်းမောက်လမ်းပိုင်း သွားလာခွင့် ပိတ်ပင်ထားကြောင်း အင်းတော် PDF ပြော

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် အင်းတော်-ဗန်းမောက်ကားလမ်းပိုင်း ခရီးသည်ယာဉ်နှင့် ကုန်တင်ကားများ သွားလာခွင့် ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ အင်းတော် နှင့် ဗန်းမောက်ကြားတွင် စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ထားသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက KNG သတင်းကိုပြောသည်။

“အဲ့လမ်းပိုင်းမှာ မနေ့တုန်းက အထိ တိုက်ပွဲဖြစ်တယ်။ ဟိုတစ်နေ့ တုန်းကလည်း ဖြစ်တယ်။ နောက်ပြီး တော့ထပ်ဖြစ်ဖို့လည်း အလားအလာရှိတဲ့အတွက်ကြောင့် ပြည်သူတွေကို ငဲ့ညှာနဲ့နေနဲ့ ကျွန်တော်တို့ဘက်က လုပ်ရကိုင်ရတာခက်မှာဆိုးလို့ ကျွန်တော်တို့လမ်းပိုင်းကိုပိတ်လိုက်တာ ကားတွေပဲပိတ်တာ ဆိုင်ကယ်တွေကတော့ရတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားမှုသည် ဇူလိုင်လ ၃၀ ရက်နေ့ အင်းတော်မြို့အနီး တောတွင်းတစ်နေရာတွင် တစ်ကြိမ်နှင့် ဇူလိုင် ၃၁ ရက်နေ့ မော်တိတ် ဒေသသက္ကယ် ကျင်းကျေးရွာအနီးတွင် တစ်ကြိမ် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သူဆက်ဆိုသည်။

“အကျအဆုံကတော့မနေ့ကစာရင်းကတော့ အတည်ပြုနေဆဲပဲ ၃၀ ရက်နေ့တုန်းက တိုက်ပွဲမှာကတော့ သူတို့ ခြေလျင်တက်လာတဲ့စစ်ကြောင်းကို မိုင်းငါးလုံးဆွဲလိုက်တာ သူတို့ဘက် ငါးယောက် ထက်မနည်း သေတယ်။ နောက်ပြီး အဲ့နေ့မှာပဲ အင်းတော်မြို့ထဲကနေ ကားနှစ်စီးနဲ့ဒဏ်ရာရတဲ့ဟာကော သေတဲ့ဟာ ကောလာသယ်သွားတယ်”ပြောဆိုသည်။

အင်းတော် PDF အဖွဲ့နေဖြင့် အင်းတော်- ဗန်းမောက်လမ်းပိုင်း သွားလာဖြတ်သန်းခွင့် တားမြစ်ထားသည့်အပေါ် လိုက်နာခြင်းမရှိဘဲ  ပြသနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အင်းတော် PDF အဖွဲ့နှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ အင်းတော်နယ်အတွင်း KIA နှင့် PDF ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီ စစ်ကြောင်းသည် တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့တို့ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၈ရက်နေ့တွင်လည်း အင်းတော်နယ်အတွင်း အဆိုပါ စစ်ကြောင်းမှ တပ်ကြပ်ကျော်သူရနှင့် တပ်သားချမ်းအေးတို့ အင်းတော်နှင့်နဘားကြားရှိ မိဘမေတ္တာ KTV အတွင်း သောက်စားပျော်ပါးနေချိန် KIA နှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်ပစ်ခတ်မှုကြောင့် တပ်ကြပ်ကျော်သူရသည် ထိုနေရာတွင် သေဆုံးသွားပြီး တပ်သား ချမ်းအေးခေါ်သူ ဖမ်းဆီးခံခဲ့ရကြောင်း အင်းတော် PDF အဖွဲ့ထံမှသိရသည်။

Show More

Related Articles

Back to top button