လူထုသစ္စာအဓိဌာန်ပြုပွဲ မဖြစ်မြောက်ရေးအတွက် ထုတ်ပြန်ချက်အတုများ ပျံနှံနေ

မနက်ဖြန် ဇူလိုင်လ ၃၁ ရက်နေ့ နိုင်ငံအနှံ လူထုသစ္စာအဓိဌာန်ပြုပွဲ ပြုလုပ်ရန်အတွက် စစ်အာဏာရှင်ဆန့်ကျင်သူများ ကြိုးပမ်းနေစဉ် တစ်ဖက်တွင်လည်း လူထုသစ္စာအဓိဌာန်ပြုပွဲ မဖြစ်မြောက်ရေး စစ်တပ်ထောက်ခံသူများက ထုတ်ပြန်ချက်အတု၊ သတင်းအမှားဖြင့် ဖြန့်ဝေကာ ကြိုးစားနေသည်ကို တွေ့ရှိနေရသည်။
အဆိုပါ ထုတ်ပြန်ချက်အတုကို ဇူလိုင်လ (၃၀) ရက်နေ့စွဲဖြင့် “Lynn Khant” ဖေ့စ်ဘုတ်အကောင့်နှင့် “ပြည်သတင်းမှန်” “Kyaw Win Maung” “ရွှေဘ” နှင့် “တပ်ကြပ်ကြီးဖိုးကွန်း” စသည့် Telegram အကောင့်များတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
ထုတ်ပြန်ချက်အတုတွင် “NUG အစိုးရထုတ်ပြန်ထားသည်ဟုဆိုသော သတင်းမှာ မှားယွင်းမှုသာဖြစ်ပြီး NUG မှ ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက မိမိတို့ NUG အစိုးရအဖွဲ့ရုံးမှ တရားဝင်စာထုတ်ပြန် အကြောင်းကြားပါမည်” ဆိုပြီး NUGအစိုးရမှ အမှန်တကယ် အသိပေးကြေညာချက် ထုတ်ပြန်ထားသယောင်ဆောင် ဖြန့်ဝေနေကြသည်။
အမှန်တကယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုး ၊ ဒေါက်တာဆာဆာ နှင့် တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာစန်း တို့က Public Voice Television စာမျက်နှာတွင် ‘လူထုသစ္စာအဓိဌာန်ပြုပွဲ”ကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်ကြောင်းကို ရေးသားထားကြသည်။
ဒေါက်တာဆာဆာက ‘ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်သည်။’ ဟု သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယနေ့ ည ၈ နာရီတွင် ဖော်ပြထားသည်။
မနက်ဖြန် ပြုလုပ်မည့် လူထုသစ္စာအဓိဌာန်ပြုပွဲ သည် စစ်အာဏာရှင်ကို တော်လှန်ရာတွင် မြင့်မြတ်စွာ ရင်းနှီးပေးဆပ်သူများကို ဦးညွတ်ခြင်းဖြစ်သည်ဟု ဒေါက်တာတေဇာစန်းကလည်း ပြောဆိုထားသည်။
စစ်ကောင်စီ အားပေးထောက်ခံသည် လော်ဘီအုပ်စုများသည် အမျိုးသားညီညွတ်ရေးအစိုးရကို တိုက်ခိုက်ရန်နှင့် ပြည်သူများအနေဖြင့် လူထုသစ္စာအဓိဌာန်ပြုပွဲတွင် ပါဝင်ရန်တွင် အားနည်းသွားအောင် NUG အစိုးရ ထုတ်ပြန်သယောင် တမင်လုပ်ကြံပြီး ထုတ်ပြန်ချက်အတုဖြင့် ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း စီစစ်တွေ့ရှိရသည်။
ထို့ကြောင့် စာဖတ်ပရိတ်များအနေဖြင့် မည်သည့်ထုတ်ပြန်ချက်များကိုမဆို မှန် မမှန်စိစစ်ပြီး ယုံကြည်ရသော NUG အစိုးရ၏ဖ ေ့စ်ဘုတ်စာမျက်နှာများ၊ NUGအစိုးရနှင့် ပတ်သက်သည့် ဖေ့စ်ဘုတ်အကောင့်များနှင့် ဒေသအခြေစိုက် သတင်းမီဒီယာများမှတဆင့် သတင်းများကိုသာ အဓိကထား ဖတ်ရှုသင့်ပါသည်။