သတင်း

ပူတာအိုတွင် ကုန်စိမ်းနှင့် အသားစျေးနှုန်းများ အဆမတန် မြင့်တက်

ပူတာအိုမြို့တွင် ကုန်စိမ်းစျေး နှင့် အသားစျေး နှုန်းများ အဆမတန်မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဇွန်လဝက်ခန့်မှ စတင်ကာ မြစ်ကြီးနားမှ တင်သွင်းသည့် ကုန်စိမ်းနှင့် ကြက်သား‌ စျေး နှုန်းများ မြင့်တက်လာသည်နှင့်အမျှ ဒေသပေါ်အမဲသား၊ ဝက်သားနှင့် ဒေသထွက်ကုန်စိမ်းစျေးနှုန်းများလည်း တဖြေးဖြေးစျေး မြင့်တက်လာနေကြောင်း ပူတာအိုမြို့ အမျိုးသမီးတစ်ဦးက KNG သတင်းဌာန ကို ပြောသည်။

“ကုန်စျေး နှုန်းတွေက အဲ့ခြောက်လပိုင်းကတည်းကနေစတက်နေတာ အခုထိ စျေးမကျသေးဘူး။ တဖြေးဖြေးတောင် စျေးတက်လာနေတယ် အရင်က ငရုပ်သီးတစ်ခွက်ကို သုံးရာပဲပေးရတာ။ အခုက ဒေသထွက်ကော မြစ်ကြီးနားကလာတဲ့ဟာကော တစ်ဗူးကို ၇၀၀ ပေးဝယ်ရတယ်။ ရုံပေဒသီးတောင်အရင် နှစ်စည်း ငါးရာရတယ် အခုမရတော့ဘူး ကုန်စိမ်းစျေးနှုန်းတွေက အားလုံးလိုလို တက်နေတာ” ဟု ယင်းအမျိုးသမီးကပြောသည်။

အလားတူ ဇွန်လနောက်ပိုင်းမှ စတင်ကာ မြစ်ကြီးနားမှ တင်သွင်းသည့် ဉတုံးကြက်တစ်ပိဿ ကျပ်တစ်သောင်းမှ ကျပ် ၁၃၀၀၀၊ CP ကြက်တစ်ပိဿကျပ် ၈၀၀၀ မှ ကျပ် ၁၀၀၀၀အထိမြင့်တက် လာသည့်နှင့်အမျှ ဒေသပေါ် အမဲသားလည်းယခင် ကျပ်၁၀၀၀၀ မှ ကျပ် ၁၃၀၀၀ နှင့် ဝက်သား တစ်ပိဿ ကျပ် ၁၀၀၀မှ ကျပ် ၁၁၀၀၀ ၊ ကျပ် ၁၂၀၀၀ အထိ စျေးမြင့်တက်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မြစ်ကြီးနားမှ တင်သွင်းသည့် ကြက်သားနှင့် ကုန်စိမ်းစျေးနှုန်းများ စျေးတက်လာမှုမှာ စက်သုံး ဆီစျေးမြင့်တက်လာမှုကြောင့် တန်ဆာခမြင့်တက်လာသည်ဟုလည်း ဆိုသည်။

“အရင်ကတော့ လေးငါးရှစ်ထောင်လောက်နဲ့ဆိုရင် မိသားစုတစ်စုစာ အသားငါးလေးဝယ်စားလို့ရတည် အခုက ဟင်းသီးဟင်းရွက်တောင်မှာ လေးထောင် ငါးထောင်ဖိုလောက်မှ စားလောက်တယ်ဗျ ကုန်စျေနှုန်းတွေက အတက်မရှိဘူး တဖြေးဖြေးနဲ့ကိုတက်လာနေတာ ဒေသခံတွေကတော့ ပိုပိုပြီး ခက်ခဲလာတာပေါ့ဗျာ အရင်က တောစီးဖိနပ်တစ်ရံကို ၃၅၀၀ ၊ ၄၀၀၀ ပဲပေးရတာ အခုက ၁၃၀၀၀ အထိကိုတက်သွားတာ မယုံနိုင်စရာပဲ” ဟု ပူတာအို လုံးစွပ်ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

ပူတာအိုဒေသတွင် ယခုကဲ့သို့ ကုန်စျေးနှုန်းများ မြင့်တက်လာနေသည့်အတွက် ဒေသခံများစားရေးသောက် ရေးပိုမိုခက်ခဲလာနေပြီး ယခုထက်ပို၍ စျေးတက်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

Show More

Related Articles

Back to top button