သတင်း

ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ကသာမြို့နယ် အထက်ပိုင်း နှင့် အောက်ပိုင်းတွင် လတ်တလောရောက်ရှိလာသော စစ်ကြောင်းများသည် အရပ်သားပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီး မင်းလယ်နှင့် မဲဟင်းရွာ ၂ခုကြား လက်နက်ကြီးလည်း ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ကသာမြို့အောက်ပိုင်းတွင် အင်အား ၇၀ ခန့်ဖြင့် လှုပ်ရှားနေပြီး အထက်ပိုင်းတွင် အင်အား ၆၀ ခန့်ဖြင့် သွားလာနေပြီး ဩဂုတ် ၁၁ရက်နေ့ နံနက်ပိုင်း ကသာအောက်ပိုင်းရှိ သုံးဆယ်ပေကျေးရွာမှ အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးသွားသည်ဟု ကသာမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦက KNG ကို ပြောသည်။

“လက်နက်ကြီးရမ်းပစ်တာက ကသာအထက်ဘက် မင်းလယ်နဲ့ မဲဟင်းကြားကနေပစ်တာ ပစ်တော့ မင်းလယ်ဘက်က ဝက်လေးကောင် လက်နက်ကြီးထိပြီး သေတယ်။ ကျန်တဲ့အထိအခိုက်ကတော့အသေးစိတ်မသိရသေးဘူး ရွာသားတွေကလည်း ပြန်မကပ်နိုင်သေးဘူး”ဟုပြောဆိုသည်။

ဒေသခံများကို ဖမ်းဆီးသွားသော စစ်ကောင်စီတပ်သည် သြဂုတ်လ ၈ ရက်နေ့က မန္တလေးဘက်မှ သင်္ဘော ၆ စီးဖြင့်တက်လာသည့်အနက် ဧရာဝတီမြစ်အနီးရှိ သုံးဆယ်ပေကျေးရွာတွင် ဝင်ရောက်တပ်စွဲသော စစ်ကြောင်းဖြစ်သည်။

အဆိုပါအရပ်သား ၃၀ ကျော်သည် သြဂုတ် ၁၁ ရက်နေ့ညပိုင်းက ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး လတ်တလော သုံးဆယ်ပေရွာတွင် ထိန်းသိမ်းထား၍ ကျေးရွာရှိ နေအိမ်များကိုလည်း ဝင်ရောက် မွှေနောက်နေကြောင်း သိရသည်။

“သူတို့ကို စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်။ သူတို့သွားရာလမ်းကြောင်းအတိုင်းခေါ်တယ်ပေါ့ သူတို့ကိုပြန်လွတ်ပေးဖို့ ရွာကဘုန်းကြီးသုံးပါးက သွားညှိနှိုင်းပေးမယ့်မရခဲ့ဘူးဗျ”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါအဖမ်းခံထားရသူများသည် လယ်လုပ်၊ ယာလုပ်၊ ခြံလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ပြီး အမျိုးသား အမျိူးသမီးများ ပါဝင်ကြောင်း သိရသည်။

သြဂုတ် ၁၁ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက 107 မမ လျော့တိုက်ဒုံးများဖြင့် ပန်းဘေးကျွန်းတွင် ပစ်ခတ်ခဲ့ရာ သင်္ဘော ၆ စီးအနက် တစ်စီးကို ထိမှန်ခဲ့ရာ အထိနာသွားသောကြောင့် ဆက်မတက်နိုင်ပဲ လတ်တလော ပန်းသေးကျွန်းနှင့် သံပုရာကျွန်းအနီးတွင် လည့်လှည်နေပြီး တွေ့ရာ အရပ်သားများကို ဖမ်းဆီးနေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button