တိုက်ပွဲသတင်း

စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး

ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာတွင် ချီဖွေ ဘက် မှ ဆင်းလာသော မြင်း ၉ ကောင် သယ်ဆောင်လာသည့် ၁၂ ဘီကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ၁၂ ဘီးကားကို မန်ဒေါင်ကျေးရွာအဝင်တွင် KIA အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင် မန်ဒေါင်ဒေသခံတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“KIA က အဲ့ ၁၂ ဘီးကားကို ရပ်ဖို့တားမြစ်တယ်။ ဒါပေမယ့် အဲ့ကားက မရပ်ဘူး။ ပြေးမောင်းသွားတယ်။ အဲ့ကြောင့် သေနတ်နဲ့ ၄ ကြိမ်လောက် လှမ်းပစ်တယ်။ ကားမှာပါလာတဲ့ မြင်းက ၉ ကောင် ဟုတ်တယ်။ ၉ကောင်ထဲမှာ ၄ကောင်က KIA ဖမ်းယူသွားတယ်။ ၄ ကောင် က သေသွားတယ်။ တစ်ကောင်က လွတ်သွားတယ်” ဟု မျက်မြင်သက်သေ က ဆိုသည်။

မြင်း ၉ ကောင်အနက် အသက်ရှင်သော ၄ ကောင်ကို KIA အဖွဲ့က ချီဖွေဘက်သို့ ဆွဲခေါ်သွားသည်ဟု သူက ဆက်ဆိုသည်။

ထို့နောက် ၁၂ ဘီးကားကို ယနေ့နံနက်ပိုင်းမှ KIA က မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။

အဆိုပါ မြင်းကောင်များမှာ စစ်ကောင်စီတပ်ပိုင် ဖြစ်သောကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄ အဖွဲ့က လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“နေရာက တပ်ရင်း ၃ နေရာ၊ လာပစ်တာက တပ်ရင်း ၄ အဖွဲ့တွေ လာပစ်တာထင်တယ်။ စစ်ကောင်စီရဲ့ မြင်း ဖြစ်လို့ ပစ်တာတဲ့” ဟု ပြောဆိုသည်။

ဝိုင်းမော်မြို့နယ်တွင် ယခုလဆန်းပိုင်း စစ်ကောင်စီ နှင့် ပြည်သူ့စစ် စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက်ဖျက်ဆီးမှုများ ရှိခဲ့သည်။

Show More

Related Articles

Back to top button