သတင်း

နမ့်စီးအောင် နှင့် ၂၁ မိုင်ပူးပေါင်းဂိတ်တို့တွင် ဂိတ်ဖြတ်ကြေးကို ၃ ဆ ထပ်တိုး ကောက်ခံနေ

ကချင် စစ်ကိုင်း နယ်စပ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင် စုပေါင်းဂိတ် နှင့် မြစ်ကြီးနားမြို့နယ် ၂၁ မိုင် စုပေါင်းဂိတ်တို့တွင် ကုန်တင်ကားနှင့် ဝက်သယ်ကားများထံ ယခုရက်ပိုင်း ဂိတ်ဖြတ်ကြေးကို ၃ ဆအထိ တိုးမြင့်ကောက်ခံနေကြောင်း ယာဉ်မောင်းများထံ မှ သိရသည်။

ယခုလပိုင်းအတွင်း ဂိတ်ကြေး တိုးမြင့်တောင်းခံလာသည့် အခြေအနေနှင့်ပတ်သက်ပြီး မန္တလေး၊ မြစ်ကြီးနား ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

“နန့်စီးအောင်ဂိတ်နဲ့ မြစ်ကြီးနား ၂၁ မိုင် စုပေါင်းဂိတ်တွေမှာ စစ်သားတွေက အရင်ထက် ထပ်ဝက်နီးပါး ငွေကြေး တောင်းနေတယ်။ ဥပမာ အရင်က သုံးထောင်ပေးရတဲ့နေရာ အခု တစ်သောင်းပေးရတယ်။ စုပေါင်းဂိတ်တွေ ဆိုတော့ အများကြီးဘဲ မောက်မောက်မာမာပြောတာကို မကျေနပ်ဘူး။ ငွေက ပေးရသေး အထပ်စီးက” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကုန်ကားမောင်းသူက ပြောပြသည်။

ယာဉ်မောင်းများ၏ ပြောဆိုချက်အရ ဂိတ်တစ်ခုတွင် ရဲ၊ မူးယစ်၊ ထွေအုပ်၊ စစ်တပ်၊ လဝက ‌အစရှိသည့် ဌာနများ စုပေါင်းနေထိုင်ပြီး ဂိတ်တစ်ခုတွင် ကားတစ်စီးလျှင် ဖြတ်သန်းခ ၄၅၀၀၀ ဝန်းကျင်ထိ ပေးဆောင်ရသည်ဟု ဆိုသည်။

ကုန်တင်ကားများကို ငွေကြေး တိုးမြှင့်ကောက်ခံနေသည့်အပြင် ဂိတ်စောင့် စစ်ကောင်စီတပ်သားများသည် ကားသမားများကို ဆဲဆို ကြိမ်းမောင်းမှုများလည်း မကြာခဏ ခံရလေ့ရှိသည်ဟု သိရသည်။

ထို့ကြောင့် မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများမှ ကချင်ပြည်နယ် မြစ်ကြီးနားအထိ ဝင်ရောက်လာသော ကုန်ကားများသည် နမ့်စီးအောင် စုပေါင်းဂိတ် နှင့် မြစ်ကြီးနားမြို့နယ် (၂၁) မိုင်ဂိတ်စသည့် ၂ နေရာတွင် ဂိတ်ကြေးအဖြစ် ကျပ် ၉ သောင်း ပေးဆောင်ခဲ့ရသည်ဟု ယာဉ်မောင်းများက ပြောပါသည်။

Show More

Related Articles

Back to top button