သတင်း

တိုက်ခိုက်ခံရသော တပ်စခန်း အနီးရှိ နေအိမ်ကို မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့မှ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်း

ပြီးခဲ့သည့်အပတ်က တိုက်ခိုက်ခံရသော စံပြကျေးရွာ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းအနီးရှိ ပြည်သူနေအိမ် တစ်အိမ်ကို၅ အရက်အတွင်း ရွေ့ပြောင်းရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။

ပြည်သူ့စစ် တပ်စခန်းဖြင့် မီတာ ၃၀၀ ခန့်အကွာရှိ စံပြကျေးရွာ ဦးလမုန်တန်ဂွန်း၏ နေအိမ်ကို ၅ရက်အတွင်း အမြန်ရွှေ့ပြောင်းရန် ဩဂုတ်လ ၁၃ ရက်နေ့က ကျေးရွာရပ်မိရပ်ဖ တာဝန်ရှိသူများမှ တဆင့် ပြောဆိုခိုင်းလိုက်သည်ဟု စံပြဒေသခံ အမျိုးသားတစ်ဦး က KNG ကို ပြောဆိုသည်။

“မင်းဇင်သန့်နဲ့ တွေ့ခဲ့တဲ့ ရပ်မိရပ်ဖတွေက ဦးလမုန်တန်ဂွန်းကို ဖုန်းခေါ်ခဲ့တယ်။ ဦးတန်ဂွန်းကို ၅ရက်အတွင်း နေအိမ်ဖြုတ်သိမ်းပြီး ရွှေ့ပြောင်းပေးရမယ်လို့ ခေါ်ပြောတယ်။ ပြီးရင် စံပြမှာ ပြည်သူ့စစ်တပ်စခန်းနဲ့ နီးတဲ့ ပြည်သူတစ်ချို့ကိုလည်း ပြောဆိုထားတာရှိတယ်။ ဘယ်အိမ်တွေပါလဲဆိုတာတော့ သေချာမပြောနိုင်ဘူး”ဟု ပြောဆိုသည်။

ထိုနေရာတွင် ၁၀ နှစ်ကျော်ခန့် နေအိမ် ခြံဖြင့် အတည်တကျနေထိုင်ခဲ့သော နေအိမ်ကို ၅ရက်အတွင်း ရွှေ့ပြောင်းနေထိုင်ရန် မင်းဇင်သန့် ပြောဆိုမှုနှင့်ပတ်သက်ပြီး ဦး လမုန်တန်ဂွန်းက ယခုလို ပြန်လည်ပြောဆိုသည်။

“ကျနော်ကိုယ်တိုင်က လက်နက်ကိုင်တဲ့ အဖွဲ့ဘယ်သူ့ကိုမဆို ကြောက်တဲ့အတွက် အိမ်ရွှေ့ပြောင်းခိုင်းတဲ့ အပေါ်မှာ လူမနေဖို့တော့ ဆုံးဖြတ်ထားတယ်။ သူတို့ပြောသလို အိမ်ဖြုတ်ဖို့အထိတော့ လောလောဆယ်မလုပ်နိုင်သေးဘူးဆိုပြီး ရပ်မိရပ်ဖ အဖွဲ့တွေကိုလည်း ပြောလိုက်တယ်” ဟု ပြောဆိုသည်။

ဦးတန်ဂွန်းအပြင် ပြည်သူ့စစ်တပ်စခန်း အနီးတွင်ရှိသာ နေအိမ်အချို့ကိုလည်း အမြန်ပြောင်းရွေ့ရန် သတိပေးထားသလို၊ အောင်ရာနှင့် စံပြ ကျေးရွာအနီးတဝိုက် လယ်လုပ်ကိုင်သော ဒေသခံတောင်သူများကိုလည်း ညအိပ်စောင့်ခြင်း မပြုရန် ပြောဆိုထားသည်ဟု သိရသည်။

တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့လျှင် ပြည်သူ့စစ်အဖွဲ့သည် လက်နက်ကြီး လွတ်လွတ်လပ်လပ် ပစ်ခတ်နိုင်ရန်အတွက် ပြည်သူများကို ကြိုတင် ဖယ်ရှားခိုင်းခြင်းဖြစ်သည်ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦးက ယခုလို သုံးသပ် ပြောဆိုသည်။

“အဓိကတော့ ပြည်သူတွေရှိနေတော့ လက်နက်ကြီး လွတ်လွတ် လပ်လပ် မပစ်နိုင်ဘူး။ ပြည်သူတွေ မရှိမှ သူတို့ လွတ်လွတ်လပ်လပ် လက်နက်ကြီးတွေနိုင်မယ်။ ဒါက သူ့ရဲ့ စစ်ဗျူဟာလို့ဘဲမြင်ပါတယ်”ဟု ပြောဆိုသည်။

စံပြကျေးရွာတွင် အိမ်ထောင်စု ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၁၀၀ ကျော်ခန့်အနီးတွင် စံပြ ပြည်သူ့စစ်စခန်းကို ၂၀၁၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

ဩဂုတ်လ ၁၁ ရက်နေ့ စံပြပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့ အောင်ရာနှင့်စံပြကျေးရွာ၏ ရပ်မိရပ်ဖ တာဝန်ရှိသူများကို မင်းဇင်းသန့် ခေါ်ယူပြီး KIA နှင့် ဒေသခံအချို့ကို သတိပေးချက်များ ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button