သတင်း

ဆိုင်းတောင် သပိတ်စစ်ကြောင်းတွင် ဖမ်းခံရသည့် ပြည်သူ ၈ ဦးကို ပုဒ်မအသီးသီးဖြင့် စစ်ကောင်စီက အမှုဖွင့်ထား

ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းအပြီး အပြန်လမ်း ခုလတ်တွင် ဖမ်းခံလိုက်ရသည့် ပြည်သူ ၈ ဦးကို စစ်ကောင်စီက ပုဒ်မအသီးသီးဖြင့် အမှုဖွင့် တရားစွဲထားသည်ဟု သိရသည်။

အဖမ်းခံရသည့် ၈ ဦး အနက် ဒေါ်တိုး အသက် (၆၄) နှစ်၊ ဒေါ်ခိုင် အသက် (၅၁)နှစ် ၊ ဒေါ်မာလင်း အသက်( ၃၁) နှစ်၊ ဒေါ်လင်းလဲ့ အသက် (၄၁) နှစ်နှင့် ဒေါ်ငွေ အသက် (၃၀) နှစ်တို့ကို ပုဒ်မ-၅၀၅ (က) တို့ဖြင့် အမှုဖွင့် တရားစွဲထားပြီး ၎င်းတို့နှင့်အတူ ပါလာသည့် ဦးသိန်းထွန်းကို ပုဒ်မ-၅၀၅ (က) အပြင် လက်နက်အက် ဥပဒေ -၁၉ (စ) ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း ဦးသိန်းထွန်းနှင့် ရင်းနှီးသည့် မမုံကျေးရွာ မှ အမျိုးသားတစ်ဦး က KNG သတင်းဌာနကို ပြောသည်။

“သူတို့ကို ပုဒ်မတပ်ပြီး အမှုဖွင့်လိုက်တာတော့ ဩဂုတ်လ ၉ ရက်နေ့လောက် ကတည်းက လို့သိရတယ်။ နောက်မှ ကျွန်တော်တို့ သိရတာ။ သူတို့ကို ပုဒ်မဘယ်လောက် ဘယ်လောက် နှင့် အမှုဖွင့်တယ်ဆိုတာ အမျိုးသမီးတွေကိုတော့ ၅၀၅ (က)နဲ့ပဲ ကိုသိန်းထွန်း တစ်ယောက်ကိုတော့ ပုဒ်မ နှစ်ခု ဟုတ်တယ်။ သူက အတိုတစ်လက်နှင့် ဖမ်းမိ လိုက်တာလေး” ဟု ကို သိန်းထွန်း နှင့် ရင်းနှီးသည့် မမုံကျေးရွာနေ အမျိုးသားတစ်ဦး က ပြောသည်။

အမှုဖွင့် တရားစွဲခံထားရသည့် ၈ ဦးကို ဩဂုတ် ၁၉ ရက်နေ့တွင် ဖားကန့်မြို့နယ် တရားရုံ၌ ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွားဖို့ရှိကြောင်း သိရသည်။

ဖမ်းခံရသည့် ၈ ဦးအနက် အမျိုးသမီး ၇ ဦးမှာ ဆန်းကြွယ်ကျေးရွာမှ ဖြစ်ပြီး ကိုသိန်းထွန်းမှာ ဆိုင်းတောင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည်။ ၎င်းတို့ကို ဇူလိုင်လ ၁၃ ရက်နေ့ည ၅ နာရီအချိန်တွင် သပိတ်စစ်ကြောင်းမှအပြန် ကျောက်စိမ်းတောင် တံတားအနီးတွင် စစ်ကောင်စီနှင့် ရဲများက သေနတ်ထောက် ကားရပ်ခိုင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြည်သူ ၈ ဦးကို ဖမ်းဆီးနိုင်ရေးတွင် ပါဝင်ခဲ့သည့် ဖားကန့်မြို့နယ်ရဲတပ်ရင်း (၃၀)မှ ဒုရဲမှူးကိုကိုလွင် နှင့် ရဲအုပ်တစ်ဦးတို့ကို လက်နက်ကိုင်လူတစ်စုက ဩဂုတ်လ ၃ ရက်နေ့တွင် ဆိပ်မူ ကျေးရွာရှိ KBZ ဘဏ်ခွဲ (၂)ရှေ့တွင် သေနတ်ဖြင့် ၁၁ ချက် ပစ်သတ်ခဲ့သည်။

Show More

Related Articles

Back to top button