သတင်း

စစ်ရိက္ခာတင် သင်္ဘော ၆ စီး ကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာများဖြင့် လုံခြုံရေး ယူပေး

ကသာမြို့ ဆိပ်ကမ်းမှ ယနေ့နံနက် ၉နာရီဝန်းကျင် စတင်ထွက်ခွာသွားသည့် စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၆ စီး ကို စစ် ရဟတ်ယာဉ်တစ်စီး နှင့် ဂျက်ဖိုက်တာတစ်စီးဖြင့် ဝေဟင်မှ လုံခြုံရေးယူပေးကာ အထက်သို့ ဆန်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“စထွက်ကတည်းက ပုဇင်းတစ်ကောင်က မြစ်ကြောင်းတစ်လျှောက် နိမ့်နိမ့်လေးဝဲပြီးတော့ ကပ်လိုက်သွားတယ် နောက် ၅မိနစ်လောက်နေတော့ ဂျက်တစ်စီးက မန်းလေးဘက်က တက်လာတယ်။ အဲဂျက်တစ်စီးက ခုလည်း တက်လိုက်ဆင်းလိုက် မြစ်ကြောင်းတစ်လျှောက် လုပ်နေတုန်း ပုဇင်းလည်း ကပ်လိုက်နေတယ်” ဟု အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘော ၆ စီး သည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ မန္တလေးမှ စစ်အင်အားအနည်းငယ်ဖြင့် ရိက္ခာတင် ဆန်တက်လာပြီး ဩဂုတ်လ ၁၁ ရက်နေ့ ကသာမြို့အဝင်တွင် KIA နှင့် PDF များမှ လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည့်အတွက် သင်္ဘော ၆ စီး အနက် တစ်စီး လက်နက်ကြီး အနည်းငယ်ထိမှန်ကာ ကသာဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

“ကသာဝင်ခါးနီး ပစ်ခံလိုက်တဲ့ချိန်မှာ သင်္ဘောဝမ်းမှာ ၄ ပေ လောက်ပေါက်သွားတာ အဲမှာဆန်အိတ်တစ်ချို့စိုကုန်ပြီး သူတို့တော်တော်ရှုပ်သွားတယ်။ ပြီးတော့ သူတို့ကို သင်္ဘော ၆ စီးကို လုံခြုံရေးယူပေးဖို့ တက်လာတဲ့ စစ်ကြောင်းတွေလည်း တိုက်ခိုက်ခံရတော့ တော်တော်ကြောက်သွားပုံရတယ်။ အဲကြောင့် ခုလို ဝေဟင်လုံခြုံရေးနဲ့ ဆန်နေတာဟုတ်တယ်”ဟု ကသာမြို့နယ်အတွင်း လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ သင်္ဘောများ ပစ်ခတ်ခံရသည့်အတွက် ကသာတွင် ၃ရက်ခန့် ရပ်နားခဲ့ရပြီး ယနေ့နံနက်မှ ပြန်လည်ထွက်ခွာနိုင်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ယခုနှစ် မတ်လမှစကာ ၎င်းတို့အတွက် လိုအပ်သည့် စစ်အင်အား၊ ရိက္ခာများ တင်ပို့ရန် ရေကြောင်းကို အဓိကအသုံးပြုလာခဲ့သည့်နည်းတူ တစ်ဖက်တွင်လည်း သင်္ဘောလုံခြုံရေးယူပေးရန် ကမ်းတစ်လျှောက် လုံခြုံရေး ယူပေးသော အဖွဲ့ကို KIA ပူးပေါင်းတပ်များမှ စောင့်ကြိုတိုက်ခိုက်မှု ပုံမှန် ပြုလုပ်နေသည်။

‌မကြာခဏစောင့်ကြိုတိုက်ခိုက်ခံရသည့်အတွက် နှစ်ဖက်ထိခိုက် သေဆုံးမူရှိ‌ခဲ့သော်လည်း စစ်ကောင်စီဘက်မှ ပိုမို အထိနာလာသည့်အတွက် လေကြောင်းဖြင့် လုံခြုံရေးယူပေးကာ ဆန်တက်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ‌ဒေသခံများ ပြောဆိုသည်။

Show More

Related Articles

Back to top button