
ကသာဆိပ်ကမ်းမှ ဩဂုတ်လ ၁၈ရက်နေ့ ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်ဖြင့် လုံခြုံရေးယူပေးကာ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်ရိက္ခာတင် သင်္ဘော ၆စီး ကသာနှင့်မိုးတားလေးကြားတွင် ၂ကြိမ်ထက်မနည်း တိုက်ခိုက်ခံရသောကြောင့် မိုးတားလေးအထွက်တွင် ဆိုက်ကပ်ထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
“မနေ့က မနက်ကိုးနာရီခွဲမှာ ကသာဘက်ကနေတက်လာတဲ့ သင်္ဘော ၆ စီးကို နကူးရွာနားမှာ ABSDF ဦးဆောင်ပြီးတော့ ကသာမြို့နယ် ပကဖတွေ ၊LPDF တွေ၊ ရပ်ကျေး ပကဖတွေပူးပေါင်းပြီးတော့ ရှော့တိုက်ဒုံး ၁၄လုံး လက်ပစ်ခတ်ခဲ့တာမှာ ကိုးလုံးကတော့ အချက်ကောင်းမှန်ပြီး ထိထိမိမိရှိခဲ့တယ်ဗျ”ဟု ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ အဆိုပါ ရိက္ခာတင်သင်္ဘော ၆စီးအား နကူးရွာနီး KIA၊ PDF နှင့် LPDF ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် မိုးတားလေးကျေးရွာအဝင်နားတွင် ရွှေကူ PDF တပ်မှ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သင်္ဘော ၆စီးအားအနက် ၂ စီး လက်နက်ကြီးထိမှန်ကာ အထက်သို့ ဆန်မတက်နိုင်ဘဲ ရပ်နားနေသည်ဟု သူကဆက်ဆိုသည်။
“မနေ့ကဆိုရင် ဝေဟင် ကနေ ဂျက်ဖိုက်တာ နှစ်စီး နဲ့ လုံခြုံရေးပေးတယ်။ မြေပြင်မှာလည်း ဧရာဝတီမြစ်ကမ်းတစ်လျှောက် စစ်သားတွေချထားတဲ့ကြားက သွားတိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကတော့ လက်နက် ကြီးလက်နက်ငယ် ပြန်ပစ်တယ်။ သို့ပေမယ် အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါ တိုက်ခိုက်ခံရသော စစ်ရိက္ခာတင် သင်္ဘော ၆စီးသည် မန္တလေးမှ ဗန်းမော်ဘက်သို့ ဆန်တက်လာခဲ့ခြင်းဖြစ်ပြီး သင်္ဘောတွင် စစ်လက်နက် ပစ္စည်းများအပါ စစ်ရိက္ခာအများအပြားပါဝင်ကြောင်းသိရသည်။
ဩဂုတ်လ ၁၁ရက်နေ့ ကသာအဝင်တွင် တိုက်ခိုက်ခံရသည့်အတွက် သင်္ဘောတွင် သယ်ဆောင်လာသည့် ဆန်အိတ်ပေါင်း ၃၀ ဝန်းကျင်ခန့် ရေစိုသွားသည့်အတွက် ကသာဒေသခံများကို တစ်အိတ်လျှင် တစ်သောင်းခွဲနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
စစ်ရိက္ခာတင် သင်္ဘော ၆စီးကို ကသာနယ်အတွင်း KIA ၊ PDF နှင့် LPDF တို့က ဩဂုတ်လ ၁၁ရက်နေ့တွင် တစ်ကြိမ်၊ ဩဂုတ်လ ၁၈ရက်နေ့ တစ်ကြိမ် ၂နေရာတွင် ၂ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများလည်းရှိခဲ့ကြောင်း ကသာ PDF အဖွဲ့ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ယခုနှစ် မတ်လမတိုင်မှီအတွင်းမှ ရေကြောင်းလမ်းအသုံးပြုကာ ဗန်းမော်ဘက်သို့စစ်အင်အားဖြည့်တင်လျက်ရှိပြီး မြစ်ကြောင်းတစ်လျှောက်တွင် မကြာခဏတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ထို့ကြောင့် ယခုနောက်ပိုင်း စစ်အင်အားကို ကုန်းလမ်းဖြင့်သာ ဖြည့်တင်းပြီး စစ်ရိက္ခာများကို ရေကြောင်းလမ်းဖြင့် အသုံးပြုနေဆဲဖြစ်သည်။