စစ်ပြေးဒုက္ခသည်များသတင်း

မမုံကျေး ရွာဘက်ရောက်ရှိလာသည့် ဆယ်ဇင်း စစ်ရှောင် ၂၀၀ ကျော်အတွက် အကူအညီတွေလိုအပ်နေ

ဖားကန့်မြို့နယ် ဆယ်ဇင်း တိုက်ပွဲကြောင့် မမုံကျေးရွာသို့ရောက်ရှိလာသော ပြည်သူ ၂၀၀ ကျော်အတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဆယ်ဇင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း မြေပြင်တွင် မီးရှို့ခြင်းတို့ကြောင့် ထောင်နဲ့ချီသည့် ဆယ်ဇင်းစစ်ရှောင်ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ မမုံရွာ တွင်လည်း လူဦးရေ ၂၀၀ ကျော်ရောက်ရှိလာသောကြောင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် မမုံကျေးရွာ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“လောလောဆယ်သူတို့ကို စာသင် ကျောင်းမှာနေရာချပေးထားတယ်ဗျ။ သြဂုတ် ၁၆ ရက်နေ့ကနေစရောက်လာကြတာမနေ့ကထိ ၂၀၀ ကျော်နေပြီ နေရာထိုင်ခင်းကအဆင်ပြေပေမယ့် လူများတော့ စားဖို့သောက်ဖို့အကူအညီတွေလိုနေတယ်ဗျ ေရာက်ရောက်ချင်းရွာကပဲကျွေးထားတာ မမုံကရွာကြီးမဟုတ်တော့ လူ ၂၀၀ ကျော်စာအတွက် ကျ လေး ငါးရက်ကမတတ်နိုင်ဘူး အလျှူရှင်တွေလိုတယ်ဗျ”ဟု ယင်းစစ်ရှောင် များကိုကူညီပေးနေသည့် မမုံရွာခံအမျိူးသားတစ်ဦးက ပြောသည်။

လက်တလော မမုံရွာတွင် သြဂုတ် ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဝင်ရောက် လာသည့် စစ်ရှောင်ဦးရေမှာ အမျိူးသမီး ၁၀၆ ဦး၊ အမျိူးသား ၁၂၀ ဦးစုစုပေါင်း ၂၂၆ ဦးရောက်ရှိနေပြီး အစားအသောက် လိုအပ်နေသည့်အပြင် အဝတ်အထည်များပါလိုအပ်နေကြောင်း သိရသည်။

“အဝတ်အထည်ရော တချို့ဆိုဟိုကပါလာတဲ့တစ်ထည်ပဲလှဲစရာကိုမပါတာ အကျီဘောင်းဘီက စလိုအပ်နေတယ် အားမနာတမ်းပြောရရင် အတွင်းမှာဝတ်တဲ့ဘောင်းဘီတိုကစမရှိကြဘူးဗျ မနေ့ကမှသိတာ ဘယ်သူမှအဲ့အပိုင်းကို မတွေးကြဘူးလေ လှူတဲ့လူကလည်း အဲ့ဒါတွေလည်း လှူပေးစေချင်တယ်။ လူအများနဲ့ဆိုတော့ အခက်အခဲဖြစ်တယ်လေး”ဟု မမုံရွာခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ခြင်ထောင်၊ ခေါင်းအုံးများပါလိုအပ်နေကြောင်း စစ်ရှောင်များသည် လေယာဥ်ဗုံးကျဲခြင်း မြေမြင်တွင် အင်အားအလုံးအရင်းဖြင့်ကျေးရွာတွင်းဝင်ရောက်အကြမ်းဖက်ခဲ့ခြင်းတို့ကြောင့် ဒေသခံများ ကိုယ်လွတ်ရုန်း၍ထွက်ပြေးခဲ့ရသောကြောင့် အကူအညီများစွာ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆယ်ဇင်းကျေးရွာ စစ်ရှောင်များသည် လတ်တလော တာမခံ၊ ဟောင်ပါး၊ ဖားကန့်၊ မှော်စီဆာနှင့် နမ္မဖြစ် စသည့်နေရာများတွင် ရောက်ရှိနေပြီး လူဦးရေ ထောင်ချီရှိနေသည့်အတွက်နေရာတိုင်းတွင် အကူအညီများစွာလိုအပ်နေကြောင်းသိရသည်။

သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ် မှ လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့်ဆယ်ဇင်းကျေးရွာ အိမ်ခြေ ၆၇၀ ဝန်းကျင် မီးပြာကျခဲ့သည်။

ယခုလ ဩဂုတ် ၈ရက်နေ့မှစတင်ပြီး ၁၃ရက်နေ့အထိ ဆယ်ဇင်းတွင် စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button