တိုက်ပွဲသတင်း

ဘန့်ဘွေးရွာကို စစ်ကောင်စီတပ် မှ လေယာဉ်ဖြင့် ဗုံးကျဲကာ ရွာမီးရှို့၊ အရပ်သား ၄ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သာများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင် ရွာများ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှသိရသည်။

ဘန့်ဘွေးရွာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို KIA၊ ကသာမြို့နယ် PDFနဲ့ ကျောက်ထုံးကြီး PDF တို့က ယနေ့ နံနက် ၅နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သောကြောင့် တိုက်ပွဲ ဖြစ်ပွားမှုအပြီး ၂နာရီခန့်ကြာပြီးနောက် ဂျက်ဖိုက်တာဖြင့်ဗုံးကျဲခြင်း၊ မြေပြင်တွင် ကျေးရွာကိုမီးရှို့ခြင်းများပြုလုပ်နေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။

“မနက်ကတိုက်ပွဲက ကိုးနာရီလောက်မှာနားတာ လေယာဉ်နဲ့က ၁၁ နာရီလောက်မှာလာကျဲသွားတယ်ဗျဘန့်ဘွေးရွာကို ဗုံးငါးလုံးကျဲကျသွားတယ်။ ကသာကနေလည်းအင်အားလေးဆယ်လောက် စစ်ကူလာတယ်။ သူတို့ရောက်တာနဲ့မြေပြင်မှာလည်း ရွာကိုမီးရှို့တော့တာပဲ။ ကသာမြို့ထဲကနေတောင်မီးခိုးလုံးတွေမြင်နေရတယ်။ နေအိမ်တွေတော့မီးလောင်သွားတာပေါ့”ဟုပြောသည်။

စစ်ကောင်စီတပ်များ ဘန့်ဘွေးကျေးရွာကို မီးရှို့ဖျက်ဆီးနေဆဲ ဖြစ်ပြီး စစ်သားများရှိနေဆဲ ဖြစ်သောကြောင့် မီးလောင်သွားသည့် နေအိမ်အရေအတွက်ကို မသိရှိရသေးကြောင်း ဆိုသည်။

ထို့အပြင် ကသာမြို့တွင်းရှိ ခမရ ၃၀၉ တပ်မှလည်း ဘန့်ဘွေးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ကူသောကြောင့် ကျေးရွာတွင်း သုံးလုံးခန့်ကျရောက်ပေါက်ကွဲရာ အရပ်သားလေးဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“အဲ့ဘန့်ဘွေးရွာထဲမှာတော့မကျဘူး။ ဘန့်ဘွေးရွာအလွန်နား အထက်ဘက်မှာ ရှိတဲ့ သစ်ဖြူကုန်းရွာကို ကျတာ ရွာသား လေးယောက်ထိမှန်ပြီးသေဆုံးတယ်တဲ့။ ဘယ်သူဘယ်ဝါဆိုတာတော့ အသေးစိတ်စုံစမ်းနေတုန်း”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘန့်ဘွေးရွာကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ၁၅ မိနစ်ခန့်ဗုံးလာကျဲပြီး ကသာမြို့တွင်းဘက်သို့ ပြန်ဆုတ်ခွာသွားကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ဘန့်ဘွေးကျေးရွာ တိုက်ပွဲသည် သုံးနာရီခန့်ကြာ နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDF ဘက်က လေးဦး မစိုးရိမ်ရ ဒဏ်ရ ရရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်များ အထိအခိုက်များခဲ့သောကြောင့် ယခုကဲ့သို့ကျေးရွာကို မီးရှို့ လက်နက်ကြီးဖြင့်ရမ်းပစ်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

ကသာမြို့နယ်အတွင်းတွင် ယခုလ လဆန်းပိုင်းမှစတင်ကာ ရှမ်းမြောက်ဘက်မှဆင်းလာသည့် ၁၂၁ တပ်၊ ကသာမြို့တွင်းမှ ၃၀၉ တပ်မှလက်အောက်ခံတပ်ရင်းများနှင့် ရွှေကူမြို့တွင်းမှဝင်လာသည့် စစ်ကြောင်းများဖြင့် ဧရာဝတီမြစ် ရှေ့ခြမ်းနောက်ခြမ်းများတွင် အင်အားအလုံးအရင်းဖြင့်စစ်ကြောင့်ဖြန့်ဝင်ရောက်နေပြီး စစ်ရေးတင်းမာနေသည့် အနေအထားတွင်ရှိနေကြောင်းသိရသည်။

သြဂုတ်လ ၈ ရက်နေ့ မန္တလေး ဘက်မှ ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားသည့် သင်္ဘော ၆ စီးဆန်တက်လာသည့်အချိန်မှစတင်ပြီး ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button