တိုက်ပွဲသတင်း

ကျောက်ထုံးကြီး စစ်ကောင်စီတပ်ရင်း တစ်ခုကို KIA နှင့် PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ အကျအဆုံး များနိုင်

ကသာမြို့နယ် ကျောက်ထုံးကြီး တိုက်နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ ၁၂၁ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း သိရသည်။

KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၂ နှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ထုံးကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၅ နာရီခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ဒါကသွားပြီးတော့တိုက်တာ သူတို့က ဘန့်ဘွေးကုန်းဘုန်းကြီးကျောင်းနဲ့ရွာထဲတွေမှာ တပ်စွဲထားတယ်။ ကင်းရှည်တွေလည်းချထားတယ်။ အဲ့တာကိုကျနော်တို့ဘက်စုံစမ်းပြီးမှ သွားတိုက်ခိုက်တာ မနက် ၅ နာရီလောက်ကနေ ဖြစ်တာတိုက်ပွဲက သုံးနာရီလောက်ကြာတယ်” ဟု ကသာမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုတွင် PDF ဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိထားသော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိ‌ကြောင်း သိရသည်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ နေရာအနှံ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး ကသာမြို့မှရေကြောင်းဖြင့် တပ်ကူစေလွတ်နေသော နှစ်ဘက်စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

“၁၂၁ ဘက်က အနာထိနေတာမို့လို့ အခုအဲ့ဘက်ကိုတပ်ကူအနေနဲ့ ကသာမြို့တွင်းက ၃၀၉ တပ်ကနေ ရေမော်တော် တွေနဲ့စစ်ကူလာနေတယ်။ လောလောဆယ်ကတော့ တိုက်ပွဲက နားထားတဲ့အနေအထား ပဲ။ ဒါပေမယ့်နှစ်ဘက်စစ်ရေးကတော့တင်းမာနေဆဲပဲ” ဟု ကသာpdf မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဘန့်ဘွေးကျေးရွာနေ ပြည်သူများသည် ဩဂုတ်လ ၁၉ ရက်နေ့ စစ်ကောင်စီဘက်မှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ နေအိမ်မီးရှို့ခြင်းများ ပြုလုပ်လာသည့်အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်သွားကြသောကြောင့် ရပ်သားပြည်သူ ထိခိုက်မှုဖမ်းဆီးခံရမှု မရှိကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့ မန္တလေး ဘက်မှ ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားသည့် သင်္ဘော ၆ စီးဆန်တက်လာသည့်အချိန်မှစတင်ပြီး ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button