သတင်း

အောင်မြင်သာတွင် ကလေးကင်ပွန်းတပ် ဆုတောင်းပွဲ တက်ရောက်သည့် လူပေါင်း ၄၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့

မြစ်ကြီးနားမြို့နယ် အောင်မြင်သာ စံပြကျေးရွာတွင် ကလေးကင်ပွန်းတပ် ဆုတောင်းပွဲတစ်ခု တက်ရောက်ခဲ့သည့် ဒေသခံ ၄၀ ဝန်းကျင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။

သြဂုတ် ၂၂ ရက်နေ့  ကလေးကင်ပွန်းတပ် ဆုတောင်းပွဲတွင် ကောက် ညှင်းပေါင်း၊ ဂျင်းနှင့် ငါးချက်ကျွေးခဲ့ရာ စားသုံးခဲ့သည့် လူပေါင်း ၄၀ ဝန်းကျင်ခန့်သည် အစာအဆိပ်သင့်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ကိုယ်တိုင် အစာအဆိပ်သင့်ခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

‘ဆုတောင်းပွဲက ၁၀ နာရီလောက်မှာပြီးတယ် သူတို့ကကျွေးတာက ကောက်ညှင်းပေါင်းနဲ့ ဂျင်းနဲ့ ငါးထောင်းထားတဲ့ဟာကျွေးတယ်။ ပြီးတော့ အသားတစ်မျိုးပါတယ်။ အဲ့တာကိုစားပြီး နေ့လယ် ၁၂ နာရီလောက်ကျတော့ ခေါင်းမူးလာတယ် ကျွန်မကတော့ ရေများများသောက်ပြီး အချဥ်တွေစားတော့ နည်းနည်းသက်သာလာသလိုဖြစ်သွားတယ်။ အသက်ကြီးတွေနဲ့ကလေးငယ်တွေကတော့ လုံးဝခြေနေဆိုးနေပြီ အထက်လှန်အောက်လျော အန်တဲ့လူကအန် မူးလဲတဲ့လူမူးလဲဖြစ်ကုန်တာ ”ဟုပြောပြသည်။

ဆုတောင်းပွဲတက်ရောက်ခဲ့သော လူပေါင်း ၄၀ ဝန်းကျင်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အစာ အဆိပ်သင့်မှု အများဆုံး ကြုံတွေ့ခဲ့ရပြီး ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်၊ မူးလဲခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

”သက်ကြီးရွယ်အိုနဲ့ကလေးတွေက အဆိုးဆုံးပေါ့။ သတိလစ်သွားတဲ့ကလေး တွေတောင်ပါတယ်။ ၂နှစ်သမီးလေးနဲ့ ၈နှစ်သားလေးတစ်ယောက်ရယ်က ပိုးဆိုးသွားတယ်။ သတိလစ်သလိုဖြစ်လို့ သူတို့ကိုတော့မြစ်ကြီးနားဆေးရုံအထိပို့ပြီးကုရတယ်။ ဒီနေ့မနက်ပိုင်းတော့ အဲ့ကလေးနှစ်ယောက်လည်း ပြန်ကောင်းသွားပြီလို့သိရတယ်”ဟု အောင်မြင်သာဒေသခံတစ်ဦးကပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှုတွင်သည် နေ့လယ် ၁၂ နာရီမှစဖြစ်ရာ ည ၁၁ နာရီခန့်အထိဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အားလုံးပြန်သက်သာလာကြောင်းသိရသည်။

Show More

Related Articles

Back to top button