စစ်ပြေးဒုက္ခသည်များသတင်း

ပြည်သူ ၂ ဦး ရိုက်နှက်ခံရသဖြင့် စစ်ရှောင်စခန်းမှ MNDAA အမြန်ထွက်ခွာသွားရန် စစ်ရှောင်များ ထပ်မံ တောင်းဆို

ကွတ်ခိုင်မြို့နယ် ဇွပ်အောင် (Zup Awng) စစ်ရှောင်စခန်းတွင် စခန်းချနေထိုင်သည့် ကိုးကန့် MNDAA တပ်ဖွဲ့သည် စစ်ရှောင်များကို ဖမ်းဆီးရိုက်နှက်မှုပြုလုပ်လာသောကြောင့် စစ်ရှောင်စခန်းမှ အမြန်ဆုံးထွက်ခွာပေးရန် စစ်ရှောင်များ တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်ည ငါးဖမ်းရာမှ ပြန်လာသော ပြည်သူ ၂ ဦးကို စပိုင်လ်ဟု စွပ်စွဲကာ အရက်မူးနေသည့် MNDAA တပ်သားတချို့မှ ရိုက်နက်ခဲ့ကြသည်။

ထို့ကြောင့် ဩဂုတ်လ ၂၀ ရက်နေ့တွင် စစ်ရှောင်များသည် ကိုးကန့်ဘက် အရာရှိတစ်ဦးကို ခေါ်ယူကာ တပ်ဖွဲ့အနေဖြင့် စစ်ရှောင်စခန်းမှ အမြန်ထွက်ခွာပေးရန် တောင်းဆိုသည့် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ တောင်းဆိုတဲ့အချက် ၃ ချက်ရှိတယ်။ တစ်ခုက စစ်ရှောင်စခန်းအတွင်း၊ အပြင် ရွာတွေမှာ တပ်ချထားတဲ့ စခန်းအားလုံး အမြန်ဆုံးရုပ်သိမ်းထွက်သွားပေးဖို့ ၊ နောက်တစ်ခုက မတရား သေနတ်ဒင်တွေနဲ့ ရိုက်နှက်ခံထားရတဲ့ဖြစ်စဉ်အပေါ် သူတို့ MNDAA ကိုးကန့်တပ်မှ တရားဝင် ထုတ်ပြန်ချက်နဲ့ တောင်းပန်ဖို့ နဲ့ နှိပ်စက် ထိခိုက်ခံထားတဲ့ သူ ၂ ဦးကို တာဝန်ယူ ဆေးကုသပေးဖို့ ၊ နောက်နောင် ဒီလို ရွာသားတွေနဲ့ဖြစ်တဲ့ကိစ္စကို ရွာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ တောင်းဆိုတယ်။ တောင်းဆိုတာကို မရရင် ရတဲ့နည်းနဲ့ ကျနော်တို့ လိုချင်တာကို ရအောင်ဆက်လက် ကြိုးစားသွားဖို့ ပြင်ဆင်ထားတယ်။” ဟု ဇွပ်အောင်စစ်ရှောင်စခန်း ပြည်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် ဇွပ်အောင် စစ်ရှောင် ၂ ဦးမှာ အသက် ၃၁ နှစ် ဦးလဖိုင် ဇော်ရိန် နှင့် ၃၅ နှစ်အရွယ် မရန် ဇော်ဘောက် တို့ဖြစ်သည်။

ဩဂုတ်လ ၂၀ ရက်နေ့ တွေ့ဆုံမှုတွင် ကိုးကန့် MNDAA ဘက်မှ ဒေသတာဝန်ရှိသူအပါအဝင် ၁၀ ဦးခန့်ပါဝင်ခဲ့ပြီး ဇွပ်အောင် စစ်ရှောင်စခန်းနှင့် ရွာခံများ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်ခဲ့ကြသည်။

ဇွပ်အောင် စစ်ရှောင်စခန်းတွင် ကိုးကန့် MNDAA တပ်ဖွဲ့ စတင်အခြေချလာစဉ်ကတည်းက ဒေသခံများ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများကို KNG သတင်းဌာန မှ တဆင့် ရေးသားဖော်ပြခဲ့သည်။

ထို့နောက် MNDAA တပ်ဖွဲ့အနေဖြင့် စစ်ရှောင်စခန်းတွင် တပ်ချနေထိုင်ခြင်းသည် စစ်ရှောင်ပြည်သူများကို ထိခိုက်နှောက်ယှက်ရန် မဟုတ်ဘဲ ကာကွယ်ဖို့သာဖြစ်ကြောင်း ပြီးခဲ့သည့် မေလက The Kokang ဖေ့စ်ဘုတ် စာမျက်နှာတွင် ပြန်လည် တုံ့ပြန်ခဲ့ကြသည်။

သို့သော်လည်း လက်တွေ့အခြေအနေတွင် လက်နက်ကိုင် MNDAA တပ်ဖွဲ့အနေဖြင့် စစ်ရှောင်စခန်းတွင် နေထိုင်ခြင်းသည် စစ်ရှောင်များအတွက် အသက်အန္တရယ်စိုးရိမ်မှုသာ ဖြစ်စေသည်ဟု အမည်မဖော်လိုသော စစ်ရှောင်တစ်ဦးက ယခုလို ဆက်ပြောသည်။

“လက်တွေ့နဲ့ သူတို့ပြောတာနဲ့က ပြောင်းပြန်ဖြစ်နေတယ်။ သူတို့က ပြည်သူကို ကာကွယ်ဖို့ ဒီမှာတပ်ချတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့လိုချင်တာက ရွာတွင်းမှာ တပ်မချပဲ တခြားနေရာမှာနေပြီး ကာကွယ်ပေးပါလို့ ပြောလည်း သူတို့လက်မခံဘူး။ ပြည်သူ့ဆန္ဒကို မလိုက်လျောပေးပဲ ပြည်သူကိုကာကွယ်မယ်ဆိုတာက မဖြစ်နိုင်ဘူး။ စစ်တပ်ရဲ့ အမြဲတမ်း မြ၀တီသတင်းကလိုပဲ ဝါဒဖြန့်တာပဲ၊ လက်တွေ့လုပ်ငန်းမှာက ပြောင်းပြန်လို့ပဲ ကျနော်တို့က ခံယူတယ်။” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း ကွတ်ခိုင်ဘက်မှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ဇွပ်အောင်စစ်ရှောင်စခန်းတွင် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံးသွားပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့သည်။

ထိုသို့သော ဖြစ်ရပ်များ ဆက်လက်မဖြစ်ပွားစေရန် စခန်းမှ အမြန်ထွက်ခွာသွားသင့်ပြီဟု စစ်ရှောင်ပြည်သူများ၏ တောင်ဆိုချက်ကိုလည်း ကိုးကန့် MNDAA ဘက်မှ အလေးနက်ထားပုံမဟန်သည့်အပြင် အထက်သို့ ညှိနှိုင်းတင်ပြရအုံးမည်ဟု ဆိုကာ တွေ့ဆုံပွဲကို အဆုံးသတ်ထားလိုက်ကြောင်း စစ်ရှောင်များ ပြောသည်။

“အခြား လက်နက်ကိုင်တွေက ကျနော်တို့ ဘာသာရေးလို့ ပြောလိုက်ရင် သူတို့ စေတီပုထိုးတို့ မြင်ယောင်ပြီး ကျနော်တို့ယုံကြည်ကိုးကွယ်ရာကို မလေးစားပေးရင်တောင် ဘာသာရေးဆိုတာကို ကောင်းကောင်း နားလည်သေးတယ်။ MNDAA က ကွန်မြူနစ်တွေဖြစ်တာကြောင့် ပြောလည်း နားမလည်ဘူး။ ဒါကြောင့် ဘာသာစကားလည်းအချင်းချင်းနားမလည်လို့ ခဏတဖြုတ် ကျနော်တို့နဲ့ လမ်းမှာ တွေ့ရင် မေးမြန်းတာတွေရှိရင် အခုလို ပြသနာဖြစ်ဖို့ပဲရှိတယ်။ ကျနော်တို့လည်း အလိုမရှိဘူး။ အားလုံးသိအောင် ပြောပြချင်တယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တပ်ဖွဲ့သည် အင်အား ၃၀၀ ခန့်ဖြင့် ဇွပ်အောင်စခန်းအတွင်းနှင့် အပြင်တွင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ အခြေချနေထိုင်ခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူလူထုကို ကာကွယ်ရန် စစ်ရှောင်စခန်းအတွင်းနှင့် ကျေးရွာအနီးတစ်ဝိုက်တွင် စခန်းချနေထိုင်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောဆို တင်ပြခဲ့သော်လည်း MNDAA အနေဖြင့် သဘောပေါက်သည့် ပုံစံ မရှိကြောင်း စစ်ရှောင်များ ပြောသည်။

ဇွပ်အောင် စစ်ရှောင်စခန်းသည် ကွတ်ခိုင်မြို့နှင့် ၁၂ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ကူညီထောက်ပံ့မှု မရရှိတော့သဖြင့် ကိုယ်တိုင် ရုန်းကန်နေရသော စစ်ရှောင်စခန်းဖြစ်သည်။

Show More

Related Articles

Back to top button