တိုက်ပွဲသတင်း

ကွတ်ခိုင်မြို့အဝင် တိုက်ပွဲတွင် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိ

ရှမ်းမြောက် ကွတ်ခိုင်မြို့အဝင် ယနေ့ည ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီး မော်ဟိတ်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

ယနေ့ည ၇ နာရီခွဲမှစတင်ကာ စစ်တပ်နှင့် KIA တပ်ရင်း ၉ တပ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကွတ်ခိုင်မြို့အဝင် မော်ဟိတ် အေးရှားဝေါးဂိတ်အနီးရှိ နေအိမ်တွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားများ ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“ဒီညနေ ၇ ခွဲလောက်ကနေ အခု ၉ နာရှိပြီ။အခုလည်း လက်နက်ကြီးတွေ ဆက်တိုက်မြည်နေလို့ ကတုတ်ကျင်းထဲ ခိုအောင်းနေကြတယ်။ အားလုံး ကြောက်ပြီး ထိုင်နေကြတယ်။ မော်ဟိတ်က ကလေးလည်း လက်နက်ကြီး အိမ်တွင်းလာကျလို့ ဆေးရုံပို့ထားရပြီ။ စစ်တပ်ဘက် ဘယ်ဘက်က ဘယ်ဘက်ကလည်းမသိ လက်နက်ကြီးဆက်တိုက်ပစ်နေလို့ ကြောက်လန့်နေကြတာ။” ဟု ကွတ်ခိုင်ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိထားသော ကလေးမှာ မောင် ဖောင်ရမ်နော်ဆန်နန် အသက် ၇ နှစ်ဖြစ်ကာ ပေါင် ၊ ဒူးခေါင်း ၊ခြေဖနောင့် စသည့် ၃ နေရာထိခိုက်ထားသောကြောင့် လက်ရှိ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ အလားတူ နောက်ထပ် ၃ ဦးလည်း ထိခိုက်ထားသည်ဟုဆိုသော်လည်း အသေးစိတ်အချက်အလက်ကို မသိရသေးပါ။

စစ်ကောင်စီက နမ်ဖတ်ကာ-ကွတ်ခိုင် လမ်းမကြီးတစ်လျှောက် အင်အား ၃၀၀ ကျော်ဖြင့် နေရာယူ သွားလာနေသကဲ့သို့ လက်နက်များ နေရာမရွေး ဆက်တိုက်ရမ်းတမ်းပစ်ခတ်မှုလည်း ရှိနေကြောင်းသိရသည်။

ယနေ့နံနက်မှ KIA တပ်ရင်း ၉ ရှိရာသို့ စစ်ကောင်စီ စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် မွန်းလွဲ ၁ နာရီခန့်မှ ကောင်းဆတ်တောင်တွင် တိုက်ပွဲ စတင်ပြင်းထန်လာပြီး မွန်လွဲ ၂ နာရီခန့်တွင် စစ်တပ်ဘက် လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်မှုရှိကြောင်းသိရသည်။

နမ်ဖတ်ကာ စစ်တပ်ဗျူဟာကုန်းမှလည်း နံနက် ၉ နာရီမှ ယနေ့ည ၉ ခွဲခန့်ထိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ကူနေသည်ဟု သိရသည်။

“နမ်ဖတ်ကာနဲ့ တစ်ဆက်တည်းဆိုတော့ ဒီက စစ်တပ်က လက်နက်ကြီး အတကုန်ပစ်နေတော့ ဘယ်မှာဘယ်မှာ သွားကျတာတောင် မသိတော့ဘူး အရမ်းကြောက်ပြီးနေနေတယ်။ တနေကုန် ပစ်နေတာ အခုညထိပဲ။ အခုလည်း မြည်ပြန်ပြီ ပစ်နေပြီ။ အရမ်းစိုးရိမ်ကြောက်ရွံ့ပြီးနေနေတယ်။ ရွာတွင်း စစ်သားတွေလည်း လျှောက်သွားနေတယ်။”  ဟု နမ်ဖတ်ကာ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ နှင့် နမ်ဖတ်ကာကြားနေရာသည်  စစ်တပ်ပုံမှန် သွားလာလှုပ်ရှားနေရာ လက်နက်ကြီးလည်း ဆက်တိုက်ပစ်ခတ်မှုများ ရှိသကဲ့သို့ KIA နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button