တိုက်ပွဲသတင်း

ချီဖွေဘက်သို့ စစ်ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီ စစ်ကား ၄စီးတိုက်ခိုက်ခံရ

မြစ်ကြီးနားမှ ချီဖွေဘက်သို့ စစ်ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ချီဖွေမြို့နယ် အဝင် ကျေးရွာ ၂ခုကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။

စက်တင်ဘာလ ၈ရက် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် စစ်အင်အား ၂၀ ကျော်ခန့်အပါ ဆန်နှင့် အခြား စားနပ်ရိက္ခာများသယ်ဆောင်လာသည့်  စစ်ရိက္ခာသယ် ကား ၄စီးကို ရှငေါ် ကျေးရွာအုပ်စု လောဆာနှင့် ဆနီခူး ကျေးရွာ ၂ခုကြားတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးထံမှသိရသည်။

စစ်အင်အားက သိပ်များဘူး။ အဓိကတော့ သူတို့ရဲ့ စစ်ရိက္ခာသယ်ပို့ဖို့ပဲ။ သူတို့ တက်လာမယ်ဆိုတာကို သိလို့စောင့်ကြိုတိုက်ခိုက်ခဲ့တာဟုတ်တယ်။ ဝင်တိုက်တဲ့နေရာက လောဆာနဲ့ ဆန်နီခူး ရွာ ၂ခုကြားမှာဟုတ်တယ်။ သေဆုံးတာနဲ့ ထိခိုက်တာ ဆိုရင် ၈ယောက်လောက်ရှိမယ်ဟုပြောသည်။

စစ်ကောင်စီယာဉ်တန်းကို KIA စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၃ဦးခန့် ကျဆုံးပြီး ၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ရိက္ခာသယ် စစ်ယာဉ်တန်းသည် KIA အဖွဲ့၏ စောင့်ကြိုတိုက်ခိုက်ခံရမှုကြောင့် ချီဖွေဘက်သို့ ဆက်တက်သွားနိုင်ခြင်းမရှိဘဲ မြစ်ကြီးနားဘက်သို့ ဦးတည်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ()လက်အောက် တပ်ရင်း ၄ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ချီဖွေမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်နှင့် သက်ဆိုင်သည့် ကုန်တင်ကားများကို KIA အဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု ပုံမှန်ဖြစ်ပွားလျက်ရှိနေပါသည်။

Show More

Related Articles

Back to top button