သတင်း

မိုးကောင်းနယ်ရှိ ဘုရားကျောင်းတစ်ခုတွင် PDF ယောင်ဆောင်ကာ ဓါးပြဝင်တိုက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာ အောင်မြေရပ်ကွက် ဘုရားကျောင်းတွင်  အရပ်ဝတ်ဖြင့် လူငယ် ၂ဦးက PDF ယောင်ဆောင်ကာ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၁ရက်နေ့ ၁၁နာရီဝန်းကျင်တွင် အသင်းသားများ ဝတ်ပြုကိုးကွယ်နေကြစဉ် မျက်နှာပေါ်တွင် အဝတ်စည်းထားသည့် လူငယ် ၂ဦးဝင်ရောက်လာပြီး ဘုရားကျောင်းထဲမှ အလှူငွေများအပြင် ဘုရားကျောင်းတက်နေသည့် အသင်းသားများ၏ လက်ကိုင်ဖုန်း ၇လုံးထက်မနည်း ခြိမ်းခြောက် လုယူသွားသည်ဟု ပင်ကြိုင်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးပြောသည်။

အရပ်ဝတ်နဲ့ မျက်နှာအုပ်ထားတဲ့ လူငယ် ၂ယောက်က ဘယ်သူဆိုတောမသိရဘူး။ ၂ယောက် စလုံးက သေနတ်ကိုင်ထားတယ်။ တစ်ယောက်က သေနတ်အတို တစ်ယောက်က သေနတ်အရှည်ကိုင်ထားတယ်။ အလှူပုံးက အလှူတွေလည်း ယူသွားတယ်။ ဖုန်းက ၇လုံးလောက်ရှိမယ်။ သူတို့ပြန်ခါနီးမှ ကျနော်တို့က PDF တွေဟုတ်တယ်ဆိုပြီး ပြောသွားတယ်ဟုပြောသည်။

အဆိုပါ လူငယ် ၂ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဘုရားကျောင်းတက်နေသည့် အသင်းသားများကို သေနတ်ထောက်ကာ ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ကာ လုယူသွားခြင်းဖြစ်သည်ဟု သိရသည်။

‘PDF အဖွဲ့ဝင်များဖြစ်ကြသည်ဟုပြောဆိုကာ ဓါးမြဝင်တိုက်သွားသည့် လူငယ် ၂ဦးနှင့်ပတ်သက်ပြီး မိုးကောင်းနယ် PDF အဖွဲ့ထံသို့ KNG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ယခုလိုပြောဆိုထားသည်။

မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲဆိုရင် PDF တွေက ပြည်သူကို ထိခိုက်မယ့် ကိစ္စမျိုးဆို လုပ်မှာမဟုတ်ဘူး။ ခုဟာက တမင်ချောက်ချချင်လို့ PDF ဆိုပြီးပြောသွားတာဟုပြောဆိုသည်။

ကချင်ပြည်နယ်တွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အများစုတွင် ကား၊ ဆိုင်ကယ်၊ အိမ်တွင်းဖောက်ထွင်းခံရမှုများ ပုံမှန်ဖြစ်ပွားလျက်ရှိနေပါသည်။

Show More

Related Articles

Back to top button