တိုက်ပွဲသတင်း

KIA ဆုတ်ခွာသွားသည့် ဝခါးစခန်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် ဖျက်ဆီး၊ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ

တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာဖြင့် ၆ မိုင်ခန့်အကွာတွင်ရှိသော ဝခါး (Wa Hka) KIA တပ်စခန်းအနီးတွင် လက်ရှိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောသည်။

ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃စီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ပြည်သူ့စစ်အပါ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်သည် KIA ၏ ဝခါး စခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

မီးခိုးတွေတောင် ဒီကလှမ်းမြင်နေရတယ်။ မနေ့ညကတည်းက ပြည်သူ့စစ်နဲ့ စစ်သားတွေက ဝခါး (Wa Hka) KIA တပ်စခန်းအနီးတဝိုက်မှာ ရောက်နေကြတယ်။ မနေ့ည ကနေ ၂ဖက်တပ် စောင့်ကြည့်နေကြတဲ့ အခြေအနေဟုတ်တယ်။ ဒီမနက်က လေယာဉ်နဲ့အရင်ဝင်တိုက်ခိုက်ပြီးတော့ စခန်းကိုဝင်ရှို့တဲ့သဘောမှာရှိတယ်။ KIA အဖွဲ့တွေက စခန်းထဲမှာ မရှိတာကြာပြီ ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ သိမ်းပိုက်ထားသော ဝခါးစခန်းသည် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ KIA တပ်များ ဆုတ်ခွာထားသည့် စခန်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်အထိ KIA ဝခါးတပ်စခန်းအနီး တဝိုက်တွင် ပြည်သူ့စစ်၊ စစ်ကောင်တပ်နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဂျက်လေယာဉ် ဗုံးကျဲတိုက်ခိုက်မှုနှင့်အတူ ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာဘက်သို့ ပစ်ခတ်ပေးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

KIA တပ်ရင်း ၁၄ ကို တိုက်ခိုက်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းအပြင် မြေပြင်တွင် စစ်ကြောင်း ၂ခုဖြင့် ထိုးစစ်ဆင် ဝင်ရောက်နေပြီး KIA ၏ ဝခါးစခန်းအနီးတဝိုက်ကို စိုးမိုးနိုင်ရန် ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သိရသည်။

ရှဒူးဇွပ်ဒေသတွင် KIA နှင့် ပြည်သူ့စစ်အဖွဲ့ တို့ကြား ၃လခန့်အကြာ စစ်ရေးတင်းမာမှုရှိခဲ့ပြီးနောက် ယခု စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းပြီး KIA ရှိသည့်ဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့လာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button