သတင်း

ဖုန်း နှင့် ဆိုင်ကယ် လုကာထွက်ပြေးသွားသည့် တပ်ပြေး ၃ ဦး ဖမ်းဆီးခံရပြီးနောက် အလင်းဝင်မည်ဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နားရခေါင်ရွာတွင်  PDF အယောင်ဆောင်ကာ ဖုန်းနှင့်ဆိုင်ကယ် လုပြေးသွားသည့် ခမရ ၃၀၁ တပ်မှ တပ်ပြေး ၃ ဦး ဖမ်းခံရပြီး‌နောက် အလင်းဝင်မည်ဟုပြောကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

လမ်းမှာစစ်ရင်းဖမ်းမိတာ သူတို့ပြောတာတော့ အလင်းဝင်ချင်တာကို ဘယ်လိုချိတ်ဆက်ရမှန်းမသိလို့ ထွက်ပြေးလာလိုက်တာလို့‌ပြောတယ်။ သူတို့ တပ်ကနေထွက်ပြေးလာတဲ့ချိန်မှာ ဆိုင်ကယ်လည်း မရှိတာနဲ့ ပြည်သူတစ်ဦးဆီမှာ PDF ဆိုပြီး လိမ်ပြီးတောင်းခဲ့တာလို့ ပြောတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တပ်ပြေး ၃ ဦးသည် ကသာမြို့အခြေစိုက် ခမရ ၃၀၁ တပ်မှဖြစ်ကာ အင်းတော်နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်လျှက်ရှိသည့် စစ်ကြောင်းမှဖြစ်သည်ဟု သိရသည်။ ထိုသူ ၃ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁နာရီဝန်းကျင်တွင် တပ်မှ ထွက်ပြေးလာ‌ကြောင်း သိရသည်။

ယင်းကဲ့သို့ ထွက်ပြေးလာစဥ် အင်းတော်ထီးချိုင့်ကြားရှိ နားရ‌ခေါင်ကျေးရွာမှ ပြည်သူတစ်ဦး၏ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကို  PDF ဟုဆိုကာ လိမ်လည် တောင်းယူခဲ့‌ကြောင်း သိရသည်။

သူတို့ထွက်‌ပြေးလာတဲ့ နဘားနဲ့ နားရခေါင်ရွာက နီးနီးလေးဆိုတော့သူတို့ အဲ့နာရခေါင်ရွာက ဆိုင်ကယ်တစ်စီးနဲ့ဖုန်း တစ်လုံးကို တောင်းသွားတာ သူတို့ စစ်သားလို့ပြောရင်မပေးမှာဆိုးလို့ PDF ပါဆိုပြီး ပြောမှတောင်းသွားတာ အဲ့တာနေ့လယ် ၁၂ နာရီရောက်တော့ ထီးချိုင့်မှာသွားမိတာ ထီးချိုင့်နဲ့ ကျောင်းကုန်းကြားမှာမိလိုက်တာ” ဟု အင်း‌တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် တပ်ပြေးသုံးဦး လုယူလာသည့် နားရခေါင် ဒေသခံတစ်ဦး၏ ဖုန်းနှင့် ဆိုင်ကယ်ကိုလည်း မူလပိုင်ရှင်လက်ထဲ၌ ပြန်အပ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုသူ ၃ ဦးကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း‌ထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင် စစ်ကိုင်းနယ်စပ် ထီးချိုင့်အင်းတော် လမ်းပိုင်းကို အင်းတော် နှင့် ထီးချိုင့် PDF ပူးပေါင်းတပ်များက ရံဖန်ရံခါ စစ်ဆေးလျက်ရှိပြီး ယင်းစစ်သား သုံးဦးကိုလည်း အင်းတော်ထီးချိုင့် PDF များမှ ထီးချိုင့်လမ်းပိုင်းအသွားအလာကို စစ်ဆေးနေစဥ် ဆိုင်ကယ်တစ်စီးနှင့်အတူ စစ်ဆေး ဖမ်းမိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်အင်အား ၇၀ ခန့်ပါ ခမရ ၃၀၁ စစ်ကြောင်းသည် အင်းတော်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့နယ်တွင် အာ‌ဏာသိမ်းပြီးနောက် လက်ရှိချိန်ထိ CDM ပြုလုပ်လာသည့် ရဲတပ်သား ၁၅ ဦးအထိရှိပြီ ဖြစ်‌ကြောင်း သိရသည်။

Show More

Related Articles

Back to top button