Covid-19 Reportingသတင်း

နောင်မွန်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၀၀ ကျော်ရှိနေပြီး Mask နှင့် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေ

ကချင်ပြည်နယ် နောင်မွန်မြို့တွင် ယခုလအတွင်း ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိနေပြီး နှာခေါင်စည်း (Mask) နှင့် ဆေးဝါးမရှိသည့်အတွက် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၀ နေ့မှ ၂၆ ရက်နေ့အထိ နောင်မွန်မြို့ပေါ်တစ်ခုတည်းတွင် ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရသူ လူဦးရေ ၂၀၀ ကျော်အထိ ရှိလာပြီဟု ဆိုသည်။

ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းမရနိုင်သည့်အပြင် ရောဂါကူးစက်ခံရသူများကို ကုသပေးရန်ဆေးဝါးလည်း မလုံလောက်သည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦး က KNG ကိုပြောသည်။

အခုနောင်မွန်မှာက ကိုဗစ် တော်တော်လေးဖြစ်နေကြပြီ အိမ်တိုင်းလိုလိုမှာဖြစ်နေတာ နှာစေး ချောင်းဆိုး လည်ချောင်းနှာ ပြီးတော့ချမ်းဖျားအဲ့လိုမျိုး အိမ်တိုင်းမှာကိုရှိနေတာ။ တစ်မြို့လုံးမှာဆိုရင်  ၂၀၀ ကျော်လည်းရှိမယ်။ ဒီရောဂါက မဖြစ်တာကြာတဲ့အတွက် နှာခေါင်းစည်းတွေက ဆိုင်တွေမှာလည်း မရောင်းတော့ဘူး အခုလိုရုတ်တရက်ဖြစ်တော့ နှာခေါင်းစည်းက ဆိုင်မှာလည်းမရ မှုလူကူညီရေး အသင်းတွေမှာလည်းလုံးဝမရှိတော့ဘူး။” ဟု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

နာမကျန်းဖြစ်နေသူများသည် နောင်မွန်ပြည်သူ့ဆေးရုံသို့ ဆေးလာရောက်ကုသမှုခံယူပြီး ကိုဗစ်ရှိမရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့အထိ ကိုဗစ် ပိုးစစ်ဆေးတွေ့ရှိထားသူ ၁၀၀ ခန့်နှင့် စစ်ဆေးမှု မခံယူပဲနေအိမ်တွင် ကုသမှုခံယူနေသူ ၁၀၀ ကျော် စုစုပေါင်း ၂၀၀ ကျော်အထိရှိကြောင်း နောင်မွန် ပြည်သူ့ဆေးရုံနှင့် နီးစပ်သူတစ်ဦးက KNG ကို အတည်ပြု ပြောကြားသည်။

အခုဖျားနေတာက လည်ချောင်းနှာ ချောင်းဆိုး ချမ်းဖျားအဲ့လိုတွေဖြစ်နေတာ ဆေးရုံမှာသွားစစ်လိုက်ရင်တော့ ကိုဗစ်ပဲ အဲ့ကြောင့်တချို့ကတော့ ကြောက်လို့သွားမစစ်ကြဘူး တချို့ကစစ်တယ် အားလုံးကတော့ လက္ခဏာ အတူတူပဲ ဖြစ်နေတာ သွားစစ်ခံတဲ့သူက ငါးဆယ် ခြောက်ဆယ်လောက်ပဲရှိမယ်ဟု နောင်မွန်ပြည်သူ့ဆေးရုံကြီးနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

ကိုဗစ်ကူးစက်ခံရသူအများအပြားရှိနေသည့် နောင်မွန်တွင် ကုသပေးရန်ကိုဗစ်ဆေးအလုံအလောက်မရှိသည့်အ ပြင်ဆေးရုံတွင်လည်းလူနာထားရှိန်နေရာမရှိသည့်အတွက် နေအိမ်တွင်အများပိုင်းကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

တချို့ကတော့အိမ်မှာကုတယ်။ တချို့ကတော့ ဆေးရုံမှာအိမ်မှာတော့အများပိုင်းကုတယ် ဆေးရုံနေရာသိပ်မရှိဘူး။ အရင်ကိုဗစ်လူနာအတွက် ပြင်ဆင်ထားတဲ့အခန်းတွေက အခုမွေးလူနာအခန်းအတွက်သုံးနေတော့နေရာမရှိဘူး ဆေးတွေပေးပြီးမှ အိမ်မှာပဲကုခိုင်းတယ်။ နေမှာပဲကုတော့တစ်ယောက်ပြီးတစ်ယောက်ကူးနေကြတာ ဆေးကလည်း ကုန်နေတာ လူမှုကူညီရေးအသင်းတွေဆီမှာလည်း တစ်ယောက်ပြီးတစ်ယောက်သွား တောင်းကြတာ မရဘူး ဆေးကကုန်နေတယ်တဲ့။ အဲ့တော့အခြေအနေက အရမ်းဆိုးနေပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လာမည့်လပိုင်းများတွင် လယ်စပါးရိတ်သိမ်းရမည့်အချိန်ဖြစ်ပြီး ကိုဗစ် ဆက်ရှိနေပါက လယ်စပါးမရိတ်သိမ်းနိုင်ပဲ ကျန်နေမည်ကို အထူးစိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။

လက်ရှိ ကူးစက်ခံနေရသည့် လူပေါင်း ၂၀၀ နီးပါးသည် နောင်မွန်မြို့ပေါ်ရပ်ကွက်များမှ စာရင်းသာဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကူးစက်ခံရမှုရှိမရှိကို KNG က စုံစမ်းနေဆဲဖြစ်သည်။

နောင်မွန်မြို့ပေါ်တွင် ကူးစက်ခံနေရသည့် ကိုဗစ်လူနာများတွင် အသက် ၁၅ နှစ်အောက်နှင့် အသက် ၆၀ အထက် သက်ကြီးရွယ်အို ၇၀ ရာခိုင်နှုန်းခန့်ပါဝင်ပြီး ကျန်သုံးဆယ်ရာခိုင်နှုန်းမှာ လူလတ်ပိုင်းများ ဖြစ်သည်။

နောင်မွန်မြို့ရှိပြည်သူများအတွက် ကိုဗစ်၁၉ ကပ်ရောဂါ ကာကွယ်ရေး ဆေးဝါး၊ နှာခေါင်းစည်း လျှူဒါန်း ထောက်ပံ့မည်ဆိုပါက နောင်မွန်မြို့အခြေစိုက် ”နောင်မွန်လူမှုကူညီရေးအသင်း” facebook စာမျက်နှာတွင် ဆက်သွယ်စုံစမ်းလျှူဒါန်းနိုင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြည်နယ်ကျန်းမာရေးဦးစီးဌာန စာရင်းများအရ လက်ရှိ ကချင်တစ်ပြည်နယ်လုံး ကိုဗစ်ရောဂါကုသမှု ခံယူနေသူ ၄၁ ဦးရှိပြီး ယင်းတွင် နောင်မွန် ကိုဗစ်လူနာစာရင်းမပါရှိပေ။

Show More

Related Articles

Back to top button