သတင်း

နန်းမားတွင် လင်မယားနှစ်ဦးဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူကို သတ်ဖြတ်ထား

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ လင်မယားနှစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီနောက် အမျိုးသားဖြစ်သူမှာ သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှသိရသည်။

 စက်တင်ဘာလ ၂၆ ရက်နေ့ နန်းမားကျေးရွာ နန်းခမ်းရပ်ကွက်မှ ဦးတင်ဌေး ၊ ဒေါ်နေကြည်တို့ လင်မယားကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် အမျိုးသားဖြစ်သူ ဦးတင်ဌေးသတ်ဖြတ်ခံလိုက်ရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

၂၆ ရက်နေ့ည ၇နာရီခွဲလောက်မှာ ဖမ်းခေါ်သွားတယ်တဲ့ မိုးညှင်းဘက်ကိုဖမ်းခေါ်သွားတယ် လို့သိရတယ်။ ညဆိုတော့ ဘယ်သူဘယ်ဝါကို မသိလိုက်ရဘူး အမျိုးသားဖြစ်တဲ့ ဦးတင်ဌေးကတော့ သတ်ခံလိုက်ရတယ်။ အမျိုးသမီးကတော့မသိဘူး ဆက်သွယ်လည်းမရဘူး သတ်လိုက်လား အသက်ရှင်နေသေးလားဘာမှမသိရသေးဘူးဟု ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။

ဦးတင်ဌေး၏ ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက်နေ့ သေနတ်ဒဏ်ရာဟု ယူဆရသည့် ဖောက်ထွင်းဒဏ်ရာများဖြင့် နန့်ရင်းချောင်းကမ်းစပ်တွင် ဒေသခံများကတွေ့ရှိခဲ့သည်။

သူတို့က တနိုင်တပိုင် ဆိုင်ကယ်ဝပ်လျှော့လေး ဖွင့်ထားတာ တခြားဘယ်လိုကိစ္စရှိလဲတော့မသိဘူး ဒီချိန်ကနိုင်ငံရေးရှုပ်တော့ တချို့မကြေနပ်တဲ့လူက ချောက်တွန်းပြီး လုပ်ကြံခံရတာမျိုးလည်းဖြစ်နိုင်တယ်။ ဒီဘက်ကတောရွာဆိုတော့ အေးအေးဆေးဆေးပဲ နိုင်ငံရေးလည်း သူတို့ကအားနည်းတယ်။ ပြီးတော့ဒီကတောဆိုတော့ တရားဥအဒေစိုးမိုးမှုလည်း အားနည်တယ်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ လင်မယားနှစ်ဦးသည် အသက် ၄၀ နှင့် ၅၀ ဝန်းကျင်ရှိကြပြီး အမျိုးသမီးဖြစ်သူ ဒေါ်နေကြည်သူ ယနေ့ထိ ဆွေမျိုးများနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် စစ်ကောင်စီ သတင်းပေး၊ ဒလန်၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများသတ်ဖြတ်ခံရမှုမှာ ယခုနှစ်အတွင်း မကြာခနဖြစ်ပွားလျက်ရှိပြီး သတ်ဖြတ်ခံရသူ ၈၀ ဦးနှင့် အထက်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button