သတင်း

အင်းတော် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးထား

အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် မီးတင်ရှို့ခဲ့ပြီး ထွက်မပြေးနိုင်သည့် သက်ကြီး ရွယ်အိုများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းသည် စက်တင်ဘာ ၂၆ ရက်နေ့ အောက်တောကျေးရွာတွင် တပ်စွဲနေထိုင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင် အောင်းကုန်းကျေးရွာသို့ဝင်၍ ညအိပ်တပ်စွဲခဲ့သည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အောင်းကုန်းကျေးရွာလူနေအိမ်  ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

တခြားမီးမရှို့တဲ့အိမ်တွေထဲကလည်း ပစ္စည်းတွေကိုအပြင်ထုတ်ပြီး မီးပုံရှို့သွားတယ်တဲ့။ အသက် ၇၀ အရွယ် ၈၀ အရွယ်တွေကိုလည်းဖမ်းထားတယ်။ ဘယ်နယောက်ဖမ်းထားတယ်ဆိုတာတော့ မသိရသေးဘူး။ မြင်မျက်တွေ့တဲ့သူတွေရှိတယ် ဖမ်းခံထားရတာ အိမ်ကတော့ ခုမီးငြိမ်းသွားပြီး ဆက်လောင်တာတော့မရှိသေးဘူး” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်းကုန်း ပြည်သူ ၂၅၀၀ ကျော်သည် ယမန်နေ့ စစ်ကြောင်းဝင်ရောက်လာကတည်းက နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်နေ့က မိုးညှင်းနှင့် အင်းတော်ဘက်မှ ဝင်ရောက်လာသော စစ်ကြောင်းနှစ် ကြောင်းပူးပေါင်းထားသော အင်အား ၁၇၅ အထိရှိပြီး အောင်းကုန်းကျေးရွာအနီးတစ်ဝိုက်တွင်သာ လှည့်လှည်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်နေ့ည အင်းတော် နှင့် နဘားကြားရှိ ပင်ဝယ်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး ၂၆ ရက်နေ့တွင် အင်းတော်အနောက်ကြောဘက်ရှိ အောက်တော၊ အောင်းကုန်း နှင့် တုန်းတော်ဘက် ဝင်ရောက်ခဲ့ပြီးနောက် ယင်းကျေးရွာများရှိ အရပ်သား ၂၀ ဦး တိတိကို လူသားဒိုင်းအဖြစ် ဖမ်းထားခဲ့ပြီးနောက် ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button