သတင်း

မုန်းဒိန်ပါ ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်‌တပ်စွဲနေသဖြင့် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်ပါ (Mungding Pa)ကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ခန့် ဝင်ရောက်နေထိုင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

စက်တင်ဘာ ၂၉ ရက် နေ့လည် ၁နာရီဝန်းကျင်စစ်‌ကောင်စီတပ်သား အင်အား ၂၀၀ ခန့်သည် မုန်းဒိန်းပါကျေးရွာအတွင်းသို့ သေနတ်ပစ်‌ဖောက်ကာ ဝင်‌ရောက်လာသဖြင့် ဒေသခံပြည်သူများ ဘုရားကျောင်းနှင့် အခြားဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော်လည်း စစ်ကောင်စီတပ်များ ကျေးရွာတွင်း ရှိနေသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရွာကပြည်သူတွေကတော့ တိုက်ပွဲဖြစ်မှာအကြောက်ဆုံးဘဲ ခုချိန်ထိလည်းရွာထဲမှာ စစ်သားတွေက ရွာထဲရှိနေကြတော့ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ် ဖြစ်နိုင်ရင်တော့ ရွာထဲမှာတိုက်ပွဲမဖြစ်အောင် ဝိုင်းကူညီကြဖို့ပြောချင်ပါတယ်“ဟုဒေသခံပြည်သူ တစ်ဦးကပြောသည်။

မုန်းဒိန်ပါကျေးရွာအပြင် မံစီမြို့နယ်တွင်းမှ ကျေးရွာများဖြစ်သည့် မိုင်းခေါင်၊ နမ့်လင်းပါ၊ မခေါ်ယန်ရှိကျေးရွာနေပြည်သူများသည် ၂၀၁၂ ခုနှစ် ဖြစ်ပွားသည့် KIA နှင့် စစ်ကောင်စီတပ်၏ တိုက်ပွဲ‌ကြောင့် နေရပ်စွန့်ခွာကာ ဗန်းမော်မြို့ပေါ် စစ်ဘေးရှောင်ခဲ့ကြရသည့် ကျေးရွာဖြစ်သည်။

ထို့နောက် ၂၀၁၉ ခုနှစ်တွင် မုန်းဒိန်ပါကျေးရွာမှ ပြည်သူအချို့သည် မိမိနေရပ်သို့ ပြန်လည်နေထိုင်လာခဲ့ကြသည့်အပြင် လက်ရှိချိန်တွင်လည်း နေရပ်သို့ တစ်တစ်စ ပြန်နေဆဲဖြစ်ကြောင်း သိရသည်။

ကျနော်တို့ ၂၀၁၉ တုန်းကနေစပြန်တာ တစ်ခါပြန်ရင် အိမ်ခြေနည်းနည်းဆီ ခုထိလည်းပြန်လာနေတဲ့သူတွေရှိသေးတယ်။ ခုမှနေရပ်ပြန်လာကြတာကို တိုက်ပွဲသာဖြစ်ရင် ကျနော်တို့ဘယ်လိုလုပ်ရမလဲတောင် မသိဘူးဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမုန်းဒိန်ပါ ပြည်သူများသည် ဘုရားကျောင်းဝင်းထဲတွင် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် မိုးမိတ်အခြေစိုက် ခမရ ၂၂၃ မှ ဖြစ်‌ကြောင်း သိရသည်။

Show More

Related Articles

Back to top button