စစ်ပြေးဒုက္ခသည်များသတင်း

ဟောင်ပါးရောက် ဆယ်ဇင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာ ကူညီမှုများ လိုအပ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆယ်ဇင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာခက်ခဲလာ၍ အရေးပေါ်ကူညီမှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ဆယ်ဇင်းပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများရှိ ဘုန်းကြီးကျောင်း စာသင်ကျောင်းများခိုလှုံနေပြီး ထိုအနက် ဟောင်ပါးတွင်ရောက်နေသည့် စစ်ရှောင်ပြည်သူများသည် အစားအသောက် လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

အစားအသောက်ကတော့ ကြပ်တည်းလာပြီ။ တစ်ရက်လည်းမဟုတ် တစ်လလည်းမဟုတ်ဆိုတော့ စစ်ရှောင်လာတာကြာပြီနေပြီဆိုတော့ လူကလည်းများတော့ စားဖို့သောက်ဖို့ မလုံမလောက်ဖြစ်လာတာ မနေ့ညကလည်း တချို့တော့ နည်းနည်းပါးပါး ရှိတဲ့လူတွေဆီမှာ ဆန် ဆီ၊ ဆား အကူအညီတွေလိုက်တောင်းနေတာ ရှိတဲ့လူတော့ပေးလိုက်ကြတယ်။ ခုနောက်ပိုင်းအလှူရှင်တွေမရှိတော့လို့လေး အရမ်းကြပ်တည်းလာတာ ဟု ပြောသည်။

ဆယ်ဇင်း စစ်ရှောင်များသည် ထွက်ပြေးလာစဉ်က တာမခံ၊ ဟောင်ပါး၊ နတ်ရေတောင် အစရှိသည့်ကျေးရွာများတွင် ခိုလှုံခဲ့ကြပြီးနောက် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မန္တလေးဘက်သို့ ပြောင်းရွေ့သူများလည်း ရှိခဲ့သည်။

လက်ရှိ ဟောင်ပါးကျေးရွာတွင်သာ စစ်ရှောင်အများဆုံးကျန်ရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။

ကိုးလ ကုန်ပိုင်းလောက်ကနေ အလှူရှင်မရှိတော့တာ အခုက ရွာခံတွေရှိတဲ့သူ နည်းနည်းပို့ ပြီး ဝိုင်းလုပ်ဝိုင်းစား အဲ့လိုပဲနေနေကြတာ အရမ်းတော့ခက်ခဲလာတယ်။ အလှုရှင်ရှိရင်တော့ ကောင်းတာပေါ့ဟု ဟောင်းပါးရောက် စစ်ရှောင်ပြည်သူများနှင့် ရင်းနှီးသူဒေသခံတစ်ဦးက KNG ကို ပြောသည်။

ဟောင်ပါး စစ်ရှောင်များကို ထောက်ပံ့လှုဒါန်းလိုပါက ဖားကန့်အခြေစိုက် ပရဟိအသင်းများသို့ဖြစ်စေ၊ ဟောင်ပါး စစ်ရှောင်များကို ကူညီပေးနေသည့်လူပုဂ္ဂိုလ်များထံသို့တိုက်ရိုက်ဖြစ်စေ ဆက်သွယ် လှုဒါန်းနိုင်သည်ဟု သိရသည်။

ဆယ်ဇင်းတွင် ဩဂုတ်လ ၈ ရက်နေ့မှစပြီး စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် လူနေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး ပြည်သူများမှာ နေရာအနှံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button