သတင်း

တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ

ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာ အလွန်ရှိ ပယင်းမှော်နှင့် ရွှေမှော်များဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့မှုကြောင့် အများပြည်သူသွားလာသောလမ်းများ ဆိုးရွားစွာ ပျက်စီးလာနေကြောင်း ဒေသခံများပြောသည်။

လုပ်ငန်းရှင်များသည် လူသုံးကုန်၊ စားသုံးကုန်နှင့် စက်ပစ္စည်းများကို ယခုနှစ် မိုးရာသီအစပိုင်းကတည်းက ဆင်များအသုံးပြုကာ တင်ပို့နေသောကြောင့် လက်ရှိတွင် တနိုင်းမိုင်းခွန်ပယင်းမှော်ဘက်သွားလမ်းများ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အများပြည်သူ သွားလာရခက်ခဲနေကြောင်း တနိုင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

လမ်းကတော့ပျက်စီးနေတာ အဲ့ဒီပယင်းစတူး တဲ့နောက်ပိုင်းနေပျက်စီးတာ မိုးရာသီဆိုတော့ ကားလည်းသွားလို့မရ ဆိုင်ကယ်လည်းသွားလို့မရ ဆိုတော့ဆင်တွေနဲ့ကုန်ပစ္စည်းတွေကိုဆွဲပြီးတင်ပို့တာ ဆွဲတဲ့အခါကျတော့လမ်းက မြေသားလမ်းဆိုတော့ပျက်စီးတာပေါ့ မိုးရွာရင်ပိုဆိုးတယ်ရွံ့ဗွပ်တွေအရမ်းထတယ်သွားလို့လာလို့မရဘူးဟု ပြောသည်။

ယင်းလမ်းပိုင်းကို ဒေသခံများက ပယင်းမှော်၊ ရွှေမှော်သို့သွားရောက်လုပ်ကိုင်စားသောက်ရန် အသုံးပြုနေကြသည့်အပြင် မိုင်းခွန်ကျေးရွာအလွန်တွင် စိုက်ပျိုးထားသည့် အာလူးခင်း၊ မုံညှင်းခင်း၊ လယ်ခင်း၊ ယာခင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် တနိုင်းနှင့် မိုင်းခွန်ဒေသခံအများအပြားကလည်း အသုံးပြုနေကြကြောင်း သိရသည်။

လမ်းက မိုင်းခွန်ရွာဆုံးတာနဲ့ဟိုဘက်တောက်လျှောက်ပျက်စီးနေတာ မိုင်းခွန်နဲ့တနိုင်းကြားကကောင်းတယ်။ မိုင်းခွန်ကနေစပြီး ဆိုးနေတာ ဟိုဘက်ကဒီရာသီဆိုရင် လူပဲသွားလို့ရတယ်။ ပွင့်လင်းရာသီဆိုရင်တော့ဆိုင်ကယ်နဲ့ ကားသေးလေးတွေသွားလို့ရတယ်။ ခုချိန်ဆိုင်ကယ်နဲ့ကားသွားလို့မရလို့ ဆင်တွေနဲ့တင်နေတာအဲ့ကြောင့် ပျက်စီးတာလမ်းကဟု တနိုင်းဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တနိုင်း ပယင်းမှော်များ တဖန်တူးဖော်သူများပြားလာပြီး လက်ရှိ ဒေသအသီးသီးမှ လူဦးရေ ထောင်ဂဏန်းခန့်အထိ ပယင်းတူးဖော်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button