တိုက်ပွဲသတင်း

အင်းတော်နယ်တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီးတွင် ယနေ့ ညနေ ၄နာရီဝန်းကျင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ အင်းတော်မြို့ဘက်မှ အောင်းကုန်းရွာဘက်သို့ ခြေလျှင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လမ်းခုလပ်တစ်နေရာတွင် ကြားဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာခဲ့သည့်အတွက် ယခုလိုလေကြောင်းလိုင်းဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

သူတို့ဘက်က အထိနာလို့ ဂျက်လေယာဉ် ၄ စီးနဲ့ ၉ ကြိမ်လောက် ဗုံးကျဲသွားတယ်။ အဲ့ဒီ ဂျက်လေယာဉ်တွေက ဘယ်ကနေ ရောက်လာမှန်းတော့မသိဘူး။ သူတို့ ဗုံးလာကျဲတဲ့အချိန်မှာ တိုက်ပွဲက ရပ်သွားတာ။ ကျွန်တော်တို့ဘက်တော့ တစ်ယောက်မှ အထိအခိုက်မရှိဘူးဟုပြောသသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက်နေ့ အင်းတော်ဘက်မှ နန့်ကင်ရွာတွင် တောထဲတစ်ညအိပ်ပြီး ယနေ့နံနက်ပိုင်းမှစတင်ကာ အောင်းကုန်းရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် ၂ဖက်တပ်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့ကို တိုက်ပွဲဖြစ်ပွားမှုမတိုင်မှီ ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် နန်ကင်နှင့် အောင်းကုန်ကျေးရွာ ၂ခုကြားတွင် PDF အဖွဲ့၏ ပထမ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ထို့နောက် ၂ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ သေဆုံးမှု စားရင်းအတိအကျမသိရသော်လည်း တိုက်ပွဲအပြီး ရုပ်အလောင်းများကို မီးရှို့သဂြိုလ်ခဲ့ကြကြောင်း မြင်တွေ့ရသည်ဟု PDF သတင်းအရင်းအမြစ်ပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button