စစ်ကိုင်းတိုင်းဒေသကြီး ယင်းမားပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ပျားအို ကျေးရွာ ၂ခုတွင် စစ်ကောင်းစီတပ်ဖွဲ့၏ ရဟတ်ယာဉ် ၂စီးဖြင့် ရုတ်တရက်ဝင်ရောက်စီးနင်းခံရပြီး ဒေသခံအများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင်မှစကာ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ၂စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဒေသခံအမျိုးသား ၂၇ ဦးကို လူသားဒိုင်းအသုံးပြုရန် ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။
“၉ နာရီလောက်မှာ ရဟတ်ယာဉ်၂စီးရယ် mi17 ၂စီးရယ် အားလုံး ၄ စီးနဲ့ လာတယ်။ အဲ့ဒီထဲမှာ ရဟတ်ယာဉ်၂စီးက အနီးပတ်ဝန်းကျင်ကို ပတ်ပြီး ပစ်ခတ်တာဟုတ်တယ်။ နောက် mi17 ၂စီးက စစ်အင်အားချပေးတယ်။ အဲ့ ၂စီးထဲမှာ စစ်အင်အားက ၅၀ ဝန်းကျင်ပါတယ်။ ခဏအကြာမှာပဲ နောက်ထပ် mi17 ၂စီးနဲ့ ပဲ အင်အားထပ်လာချတယ်။ ပြီးရင် စစ်ကြောင်း ၂ခုခွဲပြီး ရွာတွေမှာ စစ်ကြောင်းပြန်ထိုးနေတယ်။ အဲ့ကြောင့် ဖမ်းဆီးခံရတဲ့သူတွေရှိနေတယ်”ဟုပြောဆိုသည်။
စစ်လေယာဉ် ၄ စီးဖြင့် ၂ ကြိမ် ဆက်တိုက် လာရောက်ပို့ချထားသည့် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့် သည် ပေါင်တိုင်ကျေးရွာနှင့် ပျားအိုကျေးရွာ ၂ခုဘက်တွင် စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်လာပြီး ပျားအိုကျေးရွာမှ ဒေသခံအမျိုးသား ၂၇ ဦးကို ဖမ်းဆီးသွားသည်ဟု ဆက်ဆိုသည်။
“ပျားအိုရွာက စစ်ကြောင်းက ထွက်သွားပြီလို့သိရတယ်။ ရွာဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေ ၂၀၀ ကျော်ထဲက အမျိုးသမီးတွေကိုတော့ ချန်ထားခဲ့တယ်။ ယောကျားသား ၂၇ ယောက်ကိုတော့ ခေါ်သွားတယ်။ ဖမ်းခံရတာက ပျားအိုရွာကပဲတော့ မဟုတ်ဘူး အခြားရွာကည်းပါတယ်လို့သိရတယ်”ဟုဆိုသည်။
ပျားအိုရွာတွင် စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ရွာအတွင်းရှိ စျေဆိုင်များကိုမွှေနှောက်သွားသည့်အပြင် ဒေသခံတစ်ဦး၏ နေအိမ်မှ ငွေသား သိန်း ၁၀၀ ခန့်လည်းယူဆောင်သွားပြီး ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသည့် ပြည်သူများ၏ လက်ကိုင်ဖုန်းများကိုလည်း ယူဆောင်သွားပေးသည်ဟုသိရသည်။
ယနေ့တွင် ကောင်စီတပ်ဘက်က ရဟတ်ယာဉ် ၂စီးဖြင့် ရင်ပေါင်တိုင်နှင့် ပျားအိုကျေးရွာ ၂ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စစ်အင်အား ၁၀၀ ဝန်းကျင်ကို စစ်လေယာဉ် ၄ စီးဖြင့် လာရောက်ပို့ချခဲ့သည်။
အလားတူ ဩဂုတ်လ ၁၁ ရက်နေ့တွင် ယင်းမာပင်နယ်မှ ကျေးရွာတစ်ချို့ စစ်ကောင်စီတပ်ဖွဲ့၏ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခံခဲ့ရသည့်အတွက် ဒေသခံပြည်သူများ ဒေသခံမှုများရှိခဲ့ပြီး ပြည်သူပိုင်နေအိမ်များ ဖျက်ဆီးခံခဲ့ရသည်။